၂၃. ၉. ၂၀၂၅
Written by Nyein Kyaw
မြေဩဇာမှတ်ပုံတင်လက်မှတ်ပေါင်း ၁၂,၇၄၁ စောင်ကို စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်သော်လည်း ဖျက်သိမ်း၊ ပယ်ဖျက်ခြင်းများ ဆောင်ရွက်ခဲ့ရ၍ လက်ရှိတွင် တရားဝင်ခွင့်ပြုထားသည့် မြေဩဇာမှတ်ပုံတင် ၇,၆၂၃ စောင်ဖြင့်သာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မြေဩဇာကော်မတီ၏ (၄၅)ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားသည်။
စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် စားရေရိက္ခာဖူလုံစေရေးအတွက် အရေးပါသော သွင်းအားစုတစ်ခုဖြစ်သည့် အရည်အသွေးပြည့်မီသော မြေဩဇာများကို အချိန်နှင့်တစ်ပြေးညီ သုံးစွဲနိုင်ရန် မြေဩဇာမှတ်ပုံတင်ခြင်းအား မြေဩဇာကော်မတီက သုံးလတစ်ကြိမ် အစည်းအဝေးကျင်းပပြီး မြေဩဇာထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်မှတ်ပုံတင် ပေးခြင်းလုပ်ငန်းများကို မြေဩဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးလျက်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
မြေဩဇာကော်မတီ၏ (၄၄)ကြိမ်မြောက် အစည်းအဝေးအထိ မြေဩဇာမှတ်ပုံတင်လက်မှတ် ပေါင်း ၁၂,၇၄၁ စောင်ကို စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်သော်လည်း မှတ်ပုံတင်သက်တမ်းကျော်လွန်၍ ဖျက်သိမ်းခြင်း၊ ကာယကံရှင်များ၏ တင်ပြချက်အရပယ်ဖျက်ခြင်းများ ဆောင်ရွက်ခဲ့ရသဖြင့် လက်ရှိတွင် တရားဝင်ခွင့်ပြုထားသည့် မြေဩဇာမှတ်ပုံတင် ၇၆၂၃ စောင်ဖြင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးစီမံကိန်းများအတွက် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးနှင့် မိုးသီးနှံများတွင် လိုအပ်သည့် မြေဩဇာများကို ရာသီချိန်မီ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်မြေဩဇာ အရည်အသွေး မှန်ကန်မှုရှိစေရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်စစ်ဆေးရေးမှူးများက ဓာတ်ခွဲစစ်ဆေးရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
