၂၁.၉.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံမှာ စက်တင်ဘာလ ၉ ရက်က ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ဘန်ကောက်မြို့ရှိ ကလောင်ပရမ် ဗဟိုအကျဉ်းထောင်မှာ လည်ပင်းအရိုးယိုယွင်းမှုဝေဒနာ ခံစားနေရပြီး သူ့ကို ထောင်ထဲမှာပဲ ဆရာဝန်က စက်တင်ဘာလ ၂၂ ရက်မှာ စစ်ဆေးသွားမယ်လို့ အကျဉ်းဦးစီးဌာနက သိရပါတယ်။

သက်ဆင်ရှင်နာဝပ်မှာ စက်တင်ဘာလ ၁၉ ရက်က ကျောရိုးနဲ့ ဆက်စပ်နေတဲ့ လည်ပင်းရိုးကင်ဆာ လက္ခဏာ တွေ့ခဲ့ပြီး အကျဉ်းထောင်အနီးရှိ အကျဉ်းဦးစီးဌာန ဆေးဘက်ဆိုင်ရာဌာနမှာ ဆေးကုသမှုခံယူဖို့ ကြိုးပမ်းခဲ့တယ်လို့ အကျဉ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ရဲမှူးကြီး ရှိန်းကန်ချာနာပတ်ချ်က စက်တင်ဘာလ ၂၁ ရက်မှာ ပြောခဲ့ပါတယ်။
သက်ဆင်ရဲ့ ယေဘုယျ ကျန်းမာရေး အခြေအနေက ပုံမှန်ဖြစ်ပြီး ထောင်ထဲမှာ အစားအစာတွေလည်း စားနိုင်ပေမယ့် စိုးရိမ်မှုတချို့ ကျန်ရှိနေသေးတယ်လို့ ရှိန်းက ထပ်မံပြောခဲ့ပါတယ်။
အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ကာနော့ဝန် ဂျူးချူဖန်က သက်ဆင်ဟာ သက်ကြီးရွယ်အိုတွေမှာ ဖြစ်လေ့ရှိတဲ့ ပုံမှန် ပင်ပန်းနွမ်းနယ်မှုနဲ့ ခန္ဓာကိုယ်ကိုက်ခဲမှု ရှိပေမယ့် ကျန်းမာရေးအခြေအနေက တည်ငြိမ်ပြီး စက်တင်ဘာလ ၂၂ ရက်မှာ အကျဉ်းထောင်မှာ ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ သက်ဆင်ကိုထောက်ခံသူတွေဟာ ချာတူချတ်ခရိုင်မှာရှိတဲ့ ကလောင်ပရမ် အကျဉ်းထောင်အပြင်ဘက်မှာ စုရုံးပြီး သူ့ကို စိတ်ဓာတ်ရေးရာ အားပေးအထောက်အကူပြုတဲ့ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။
အသက် ၇၆ နှစ်ရှိ သက်ဆင်ကို လွန်ခဲ့တဲ့နှစ်နှစ်က စွဲဆိုခဲ့တဲ့အမှုသုံးမှုအတွက် အမှန်တကယ် ထောင်ဒဏ် တစ်နှစ်ကျခံဖို့ တရားရုံးချုပ်က စက်တင်ဘာ ၉ ရက်က အမိန့်ချမှတ်ခဲ့တာပါ။
၂၀၂၃ ခုနှစ် သြဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိချိန်မှ ၂၀၂၄ ခုနှစ်အစောပိုင်းအထိ ရဲတပ်ဖွဲ့ဆေးရုံမှာ နေထိုင်ခွင့်ပြုခဲ့တဲ့ကာလအတွက် ပြစ်ဒဏ်ကာလအဖြစ် သက်ဆင်ရဲ့ အရင်က ကျန်းမာရေးဆိုင်ရာ တိုင်ကြားချက်တွေကို တရားရုံးက ပယ်ချခဲ့တာပါ။
စက်တင်ဘာလ ၉ ရက်မှာ သက်ဆင်ကို ပြစ်ဒဏ်တစ်နှစ်ချမှတ်ခဲ့ပြီး နောက်တစ်နေ့မှာသူ့ရဲ့ ပြစ်ဒဏ်ကျခံဖို့ ကလောင်ပရမ် ဗဟိုအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
Ref-Bangkok Post
