၂၁.၉.၂၀၂၅
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံမှာ လက်ရှိသမ္မတဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ဖခင်ဖြစ်တဲ့ သမ္မတဟောင်း ဖာဒီနန်မားကို့စ် စီနီယာ လက်ထက်က စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်မှာ ဖိလစ်ပိုင် ပြည်သူတွေက ဆန္ဒပြမှုတွေ နှစ်စဉ်ပြုလုပ်နေကြ ဖြစ်တဲ့အတိုင်း ၂၀၂၅ ခုနှစ်မှာလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့် ဒီနှစ်မှာတော့ ၅၃ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုကို ပြန်လည်ဆန္ဒပြရုံတင်မကဘဲ အစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုတွေ များပြားနေတာကို ပြည်သူတွေရဲ့ မကျေနပ်မှုကိုပါ ဖော်ထုတ်တဲ့အနေနဲ့ နိုင်ငံတစ်ဝန်းမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ်ပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။
မနီလာမြို့တော်မှာတော့ နံနက် ၁၀း၄၅ နာရီအထိ ဆန္ဒပြပြည်သူတွေက လူနီတာပန်းခြံမှာစုရုံးခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို စီစဉ်သူတွေက ပါဝင်ဆန္ဒပြတဲ့ ပြည်သူ ၈၀,၀၀၀ ခန့် ရှိတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

မွန်းလွဲ ၂ နာရီခန့်မှာလည်း ကွီဇုန်စီးတီးအတွင်းမှာရှိတဲ့ ပြည်သူ့အာဏာအထိမ်းအမှတ် မော်ကွန်း တိုင် People Power Monument မှာ စုရုံးကြကာ Epifanio Delos Santos Avenue လမ်းမကြီးအတိုင်း ချီတက်ကြမယ်လို့ သိရပါတယ်။
ဒါ့ပြင် စီဘူး၊ ဘာဂီယို၊ အိုလွန်ဂါပိုနဲ့ ဒါဗါအို အစရှိတဲ့ တခြားသော မြို့ကြီးတွေမှာလည်း အကျင့်ပျက် ခြစားမှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်းကစပြီး ဖိလစ်ပိုင်ပြည်သူတွေက ပြုလုပ်နေကြတာ တွေ့ရပါတယ်။

မနီလာမြို့အတွင်း မာလာကာနန်နန်းတော်အနီးရှိ မန်ဒီအိုလာတံတား(Mendiola bridge) မှာတော့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ဝင်တွေတိုက်ခိုက်မှုတွေဖြစ်ပွားပြီး ရုန်းရင်းဆန်ခတ် အခြေအနေတစ်ရပ် ဖြစ်ပွားခဲ့ရပါတယ်။ မျက်နှာဖုံးတွေ တပ်ထားကြတဲ့ အများအားဖြင့်အနက်ရောင်ဝတ်ဆင်ထားကြတဲ့ ဆန္ဒပြသမားတွေက ရဲတပ်ဖွဲ့ဝင်တွေကိုကျောက်တုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာကနေ ရုန်းရင်းဆန်ခတ် အခြေအနေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဆန္ဒပြသမားတွေက နောက်တွဲယာဉ်တစ်စီးကိုမီးရှို့ဖျက်ဆီးခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြသမားဆယ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
