၂၁. ၉. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်တွင် လင်မယားစကားများနေချိန် လာဖျန်ဖြေသည့် ယောက္ခမကို ပစ်သတ်ပြီး ပုန်းရှောင်သွားသော မြန်မာနိုင်ငံသားအား ထိုင်းရဲများ ဖမ်းမိခဲ့သည်။
ဖြစ်စဥ်မှာ မနေ့က စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရဲတပ်ဖွဲ့နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့တို့သည် ချင်းမိုင်ပြည်နယ်၊ မယ်ချမ်မြို့တွင် ယောက္ခမဖြစ်သူကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသား ဘုန်းထွန်းအား လိုက်လံဖမ်းဆီးခဲ့သည်။ထိုသို့ ဖမ်းဆီးရာ ဘုန်းထွန်းကို မယ်ချမ်မြို့နယ်၊ Ban Pang Ung Kao ရှိ တောင်တန်းဒေသတွင် ပုန်းအောင်းနေစဥ် ဖမ်းမိခဲ့သည်။

၎င်းဖြစ်စဥ်သည် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ဘုန်းထွန်း၏ အသက် ၂၅ နှစ်အရွယ် ဇနီးသည်နှင့် အိမ်တွင်းရေး အငြင်းပွားပြီးနောက် ယောက္ခမဖြစ်သူ အသက် ၆၅ နှစ်အရွယ် တာအား ပစ်သတ်ခဲ့ကြောင်း စွပ်စွဲခံရခြင်းဖြစ်သည်။
၎င်းတို့နေအိမ်တွင် စကားများရန်ဖြစ်စဥ် တာက ကြားဝင်ဖြန်ဖြေရန် ကြိုးပမ်းခဲ့ရာ ဘုန်းထွန်းနှင့် ရင်ဆိုင်တွေ့ပြီးနောက် ဘုန်းထွန်းက သေနတ်ဖြင့် ပစ်သတ်ကာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။
ရဲမှူးကြီး Sathitchai Nittayawan နှင့် ခရိုင်အရာရှိ Kriangsak Boontapuan တို့အပါအဝင် အာဏာပိုင်များသည် တရားခံကို ရှာဖွေဖမ်းဆီးရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုင်းနိုင်ငံတွင် မိသားစုအငြင်းပွားမှုများမှ အကြမ်းဖက်မှုဖြစ်ပွားမှုက မဆန်းပေ။ ပြီးခဲ့သည့် ဇွန်လကလည်း စမွတ်ပရာကန်ရှိ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း၏ဇနီးသည်နှင့် စကားများပြီးနောက် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းဖြစ်ရပ်များသည် အိမ်တွင်းရေးပဋိပက္ခများ ထိန်းချုပ်မရဘဲ အန္တရာယ်ဖြစ်လာနိုင်ပုံကို မီးမောင်းထိုးပြနေသည်။

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများနှင့်ပတ်သက်သည့် အစီရင်ခံစာအများစုသည် တရားမဝင် ဝင်ရောက်မှု၊ အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ်ကိုင်မှု သို့မဟုတ် လူမှောင်ခိုကူးမှုစသည့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ပြဿနာများကို အဓိကထားဖော်ပြလေ့ရှိသည်။ ယင်းကိစ္စရပ်များကို ရဲတပ်ဖွဲ့က အထူးသဖြင့် နယ်စပ်ခရိုင်များတွင် ပုံမှန်စောင့်ကြည့်လေ့ရှိသည်။
ယင်းနှင့်မတူဘဲ အိမ်တွင်းရေးအငြင်းပွားမှုများကြောင့် ပြင်းထန်သည့် အကြမ်းဖက်မှုဖြစ်ရပ်များ ဖြစ်ပွားခြင်းသည် အဖြစ်နည်းသည်။ မိသားစုအငြင်းပွားမှုက သေနတ်ပစ်သတ်မှုအထိ ဖြစ်ခဲ့သော မယ်ချမ်ရှိ ယခုဖြစ်ရပ်သည် မတူညီသော စိန်ခေါ်မှုကို ထင်ဟပ်စေသည်။
ဤကွဲပြားမှုက ထိုင်းဥပဒေအရာရှိများနှင့် မြန်မာနိုင်ငံသားများ ထိတွေ့ဆက်ဆံရသည့် အခြေအနေများမှာ မည်မျှ ကွဲပြားနိုင်သည်ကို ဖော်ပြနေသည်။ ကိစ္စအများအပြားသည် အုပ်ချုပ်ရေး သို့မဟုတ် အလုပ်သမားရေးရာကိစ္စများနှင့် ပတ်သက်နေသော်လည်း အခြားကိစ္စများမှာမူ နည်းပါးသော်လည်း မိသားစုနှင့် ရပ်ရွာအတွင်း အငြင်းပွားမှုများကြောင့် ဖြစ်ပေါ်လာသည့် လူသားချင်းဆိုင်ရာ ဆုံးရှုံးမှုများကို မီးမောင်းထိုးပြနေသည်။
ဘုန်းထွန်းသည် ဖမ်းဆီးခံရပြီးနောက် စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဥ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရာဇဝတ်မှုကျူးလွန်ပုံ ပြန်လည်သရုပ်ဖော်ရန် ခေါ်ဆောင်ခံခဲ့ရသည်။ နောက်ပိုင်းတွင် ၎င်းအား တရားစွဲဆိုခဲ့ပြီး ဥပဒေအရ တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း Khaosod က ဖော်ပြသည်။
Ref. The Thaiger
