၂၀. ၉. ၂၀၂၅
Written by Nay Moe
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်နေ အမျိုးသားနှစ်ဦးကို ပဲခူး PDF များက ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်လိုက်ကြသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ တာဦးကျေးရွာတောင်ဘက် တစ်မိုင်ခန့်အကွာ တာဦးကျေးရွာနှင့် ကျောင်းစုကျေးရွာကြား စစ်တောင်းမြစ်ကမ်းဘေး၌ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးကိုကို(၄၂)နှစ်အား ကျည်ထိမှန် ဒဏ်ရာများဖြင့် လဲကျ သေဆုံးနေသည်ကို တွေ့ရှိရပြီး ဖြစ်စဉ်အား စိစစ်ခဲ့ရာ စက်တင်ဘာ ၁၇ ရက် ည ၉ နာရီတွင် ဦးကိုကိုသည် ဇနီးဖြစ်သူနှင့် ရန်ဖြစ်စကားများပြီး နေအိမ်မှ ထွက်သွားခဲ့ရာမှ PDF အဖွဲ့နှင့်တွေ့ဆုံရာမှ ၎င်းအား “ဒလန်” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ညနေ ၆ နာရီ ၄၀ မိနစ်တွင် ညောင်လေးပင်မြို့နယ်၊ ကျောင်းစုကျေးရွာရှိ လှေဆိပ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးသန်းနိုင်ဦး(၅၅)နှစ်အား ကျည်ထိမှန် ဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရပြီး ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဦးသန်းနိုင်ဦးသည် ညနေ ၆ နာရီ ၁၀ မိနစ်တွင် ကျောင်းစုကျေးရွာလှေဆိပ်၌ ရှိနေစဉ် PDF နှစ်ဦး ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
