၂၀. ၉. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ လမ်းခွဲပြီး ခြေရာဖျောက်သွားတဲ့ ချစ်သူ အမျိုးသမီးကို ခြေရာခံလိုက်ရှာနေတဲ့ အင်ဂျင်နီယာအမျိုးသားတစ်ဦးဟာ ချစ်သူဟောင်းဆီက ပြန်လက်မတွဲတော့ဘူးဆိုတဲ့ ငြင်းဆိုသံအကြားမှာ ကိုယ့်နားထင်ကိုယ် သေနတ်နဲ့ ပစ်ခတ် အဆုံးစီရင်သွားမှု ဒီနေ့ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေက ဖော်ပြနေပါတယ်။
ဖြစ်စဥ်က ဒီနေ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် နေ့လယ်ပိုင်းမှာ ဘန်ကောက်မြို့၊ ချာတူးချတ်ခရိုင်၊ လတ်ယောင်၊ ဘန်ခန်ဒေသမှာရှိတဲ့ တက္ကသိုလ်တစ်ခုက တိရစ္ဆာန်ဆေးရုံရဲ့ ကားပါကင်ထဲမှာ ရပ်ထားတဲ့ ကားတစ်စီးထဲ အမျိုးသားတစ်ဦး သေဆုံးနေကြောင်း ဘန်ခန်ရဲစခန်းရဲ့ ဒုရဲအုပ် ပရင်ပေါ့ပေါင်ထံအကြောင်းကြားလာခဲ့ပါတယ်။ ဒါကြောင့် မှုခင်းဆေးဆရာဝန်တွေနဲ့ မှုခင်းဆေးဘက်ဆိုင်ရာအဖွဲ့ကို ချိတ်ဆက်ပြီး အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့ ဆေးရုံရဲ့ ကားပါကင်နေရာကို ရဲတပ်ဖွဲ့က အလျင်အမြန်သွားရောက်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ၉ ထပ်ပါတဲ့ တိရစ္ဆာန်ဆေးရုံရဲ့ ကားပါကင် ၈ လွှာမှာ ဖြစ်ပွားခဲ့တာပါ။ ကားပါကင်မှာ ဘန်ကောက်လိုင်စင်နံပါတ်ပါတဲ့ အနက်ရောင် Mazda 2 ကားတစ်စီး ရပ်ထားတာကို တွေ့ခဲ့ရပြီး ကားထဲမှာတော့ ကန်ချနပူရီပြည်နယ်က အသက် ၃၄ နှစ်အရွယ် အင်ဂျင်နီယာတစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရပါတယ်။

ရုပ်အလောင်းဟာ ညာဘက်နားထင်ကို ထိမှန်ထားတဲ့ သေနတ်ဒဏ်ရာတစ်ချက်နဲ့ ရှေ့ကို မှောက်လျက်လဲကျနေပြီး၊ သေနတ်ကိုတော့ ကြမ်းပြင်ပေါ်မှာ တွေ့ရှိခဲ့ပါတယ်။
အခင်းဖြစ်ရာနေရာမှာတော့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တွေ့ရပြီး တုန်လှုပ်ခြောက်ခြားနေတဲ့ပုံစံနဲ့ သူမက “သေဆုံးသူဟာ သူမရဲ့ရည်းစားဟောင်းဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လကမှ လမ်းခွဲခဲ့ကြတာ”လို့ ထွက်ဆိုခဲ့ပါတယ်။
အဖြစ်အပျက်မဖြစ်ခင်က သူမဟာ ဆေးရုံမှာ ချိန်းဆိုထားလို့ ခွေးလေးကို ကုသဖို့ သူမနဲ့အတူ ခေါ်လာခဲ့တာပါ။ ပြသပြီးလို့ ဆေးရုံကနေ အိမ်ပြန်ဖို့ ကားပေါ်ပြန်ရောက်တဲ့အခါမှာတော့ ကားရဲ့ဘယ်ဘက်နောက်ခန်းတံခါး ရုတ်တရက်ပွင့်လာတဲ့ အသံကို ကြားရပါတယ်။ အဲဒါကြောင့် သူမ လှည့်ကြည့်လိုက်တဲ့အခါ သေဆုံးသူရည်းစားဟောင်းကို တွေ့လိုက်ရပါတယ်။
အဲဒါကြောင့် သူမက “ဘာလို့ ကားပေါ်တက်လာတာလဲ” နဲ့ “ဒီကို ရောက်နေတာ ဘယ်လိုသိတာလဲ” လို့ မေးတဲ့အခါ သေဆုံးသူက အချိန်အကြာကြီး နောက်ယောင်ခံလိုက်နေခဲ့ပေမယ့် ဒီနေ့မှသာ တွေ့ရတာဖြစ်ကြောင်း ပြန်ဖြေခဲ့ပါတယ်။
အဲဒီနောက် သူမရဲ့ ရည်းစားဟောင်းက ပြန်လည်လက်တွဲဖို့ ‘ဟိုအရင်ကလို ပြန်ဖြစ်နိုင်မလား’ လို့ မေးခဲ့ပါတယ်။ သူမက ‘မဖြစ်နိုင်တော့ဘူး’ လို့ ပြန်ဖြေလိုက်တဲ့အခါ သူက ‘ဒါဆိုရင်တော့ ငါတို့တွေ သေခွဲ ခွဲရတော့မယ်’ လို့ ပြောပြီး သေနတ်ထုတ်ကာ သူ့ကိုယ်သူ တစ်ချက်တည်း ပစ်သတ်ကာ အဆုံးစီရင်ခဲ့ပါတယ်။ သူမ အရမ်းထိတ်လန့်သွားပြီး ကားပေါ်ကနေ အမြန်ဆင်းခဲ့သလို လုံခြုံရေးအစောင့်က သေနတ်သံကြားတော့ အဖြစ်အပျက်ကိုလာကြည့်ပြီး ရဲကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်” လို့ သူမက ထွက်ဆိုခဲ့ပါတယ်။
ကနဦးအဖြစ် တာဝန်ရှိသူတွေဟာ ရုပ်အလောင်းကို ဆေးရုံပို့ဆောင်ခဲ့ပြီး မိသားစုက ဘာသာရေးအရ သင်္ဂြိုဟ်ဖို့ ပြန်မယူခင် ဥပဒေအရ စုံစမ်းစစ်ဆေးမှုတွေကို အမြန်ဆုံးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Ref. Khaosod
