သက်တန့်
၂၀. ၉. ၂၀၂၅
Check-in နှင့် လေယာဉ်တက်ရောက်မှု (boarding) စနစ်များအတွက် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခုကို ဆိုင်ဘာတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ဥရောပရှိ လေဆိပ်အများအပြားတွင် လေယာဉ်များ နှောင့်နှေးကြန့်ကြာခြင်းနှင့် ပျံသန်းမှုများ ဖျက်သိမ်းခြင်းများ ဖြစ်ပေါ်နေသည်။
ဘယ်လ်ဂျီယံနိုင်ငံ Brussels လေဆိပ်၏ ထုန်ပြန် ပြောကြားချက်အရ ဆိုင်ဘာတိုက်ခိုက်မှုကြောင့် အလိုအလျောက်စနစ်များ အလုပ်မလုပ်တော့ဘဲ လူကိုယ်တိုင် Check-in လုပ်ခြင်းနှင့် လေယာဉ်တက်ရောက်ခြင်း လုပ်ထုံးလုပ်နည်းများကိုသာ လုပ်ဆောင်နိုင်သည်ဟု သိရသည်။

London Heathrow နှင့် Berlin လေဆိပ်တို့ကလည်း အဆိုပါတိုက်ခိုက်မှုကြောင့် ၎င်းတို့၏လေယာဉ်ခရီးစဉ်များတွင် အနှောင့်အယှက်များဖြစ်ပေါ်နေပြီး ခရီးသည်များအား ယနေ့ စနေနေ့တွင် လေဆိပ်သို့မသွားမီ သက်ဆိုင်ရာလေကြောင်းလိုင်းများနှင့် ခရီးစဉ်များကို အတည်ပြုရန် အကြံပေးခဲ့သည်။
ထိုဖြစ်ရပ်များမှာ ကမ္ဘာတဝှမ်းရှိ လေကြောင်းလိုင်းများအတွက် Check-in နှင့် လေယာဉ်တက်ရောက်မှုစနစ်များကို ဝန်ဆောင်မှုပေးသည့် Collins Aerospace ကုမ္ပဏီသည် “နည်းပညာဆိုင်ရာ ပြဿနာ” တစ်ရပ်နှင့် ကြုံတွေ့နေရခြင်းကြောင့် ဖြစ်သဖြင့် ခရီးသည်များအတွက် နှောင့်နှေးကြန့်ကြာမှုများဖြစ်စေနိုင်သည်ဟု Heathrow လေဆိပ်က ပြောကြားခဲ့သည်။
လေဆိပ်က ခရီးသည်များအား ၎င်းတို့၏လေယာဉ်ခရီးစဉ် အခြေအနေကို လေကြောင်းလိုင်းနှင့် စစ်ဆေးရန် အကြံပြုခဲ့ပြီး “အနှောင့်အယှက်များကို လျှော့ချရန်” အတွက် Check-in နေရာများတွင် အပိုဝန်ထမ်းများ ချထားပေးခဲ့သည်။
Brussels လေဆိပ်က ဆိုင်ဘာတိုက်ခိုက်မှုသည် “လေယာဉ်အချိန်ဇယားအပေါ် ကြီးမားသော သက်ရောက်မှုရှိပြီး ကံမကောင်းစွာဖြင့် လေယာဉ်များ နှောင့်နှေးကြန့်ကြာခြင်းနှင့် ပျံသန်းမှုများ ဖျက်သိမ်းခြင်းတို့ကို ဖြစ်စေလိမ့်မည်” ဟု ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်အပေါ် ခရီးသွားကျွမ်းကျင်သူ Paul Charles က Collins Aerospace ကဲ့သို့ ကုမ္ပဏီကြီးတစ်ခုသည် ဆိုင်ဘာတိုက်ခိုက်မှု၏ သက်ရောက်မှုကို ခံစားရခြင်းသည် “အံ့ဩစရာကောင်းသည်” ဟု ၎င်းက ပြောကြားခဲ့သည်။
“သူတို့ရဲ့စနစ်တွေကို ဒီလိုနည်းနဲ့ ဖျက်ဆီးပစ်တာဟာ နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်စရာတွေဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Collins Aerospace သည် “လေကြောင်းလုပ်ငန်း၏ အဓိကဗဟိုချက်” ဖြစ်ပြီး ၎င်း၏စနစ်များသည် ထိုကဲ့သို့ ထိခိုက်ပျက်စီးသွားခြင်းသည် “အလွန်စိုးရိမ်စရာကောင်းသည်” ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုသည် ယနေ့တစ်နေ့လုံး အနည်းဆုံး အသွားအလာများကို ထိခိုက်စေမည်ဖြစ်ပြီး စနစ်များကို ပြန်လည်အသက်သွင်းရန် အချိန်ကြာမြင့်မှုအပေါ် မူတည်၍ ပိုမိုကြာမြင့်နိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဆိုင်ဘာတိုက်ခိုက်မှုကြောင့် လေဆိပ်အများစု လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းမှု ကြုံတွေ့နေရသော်လည်း ကနဦးသတင်းများကမူ ထိခိုက်သည့်နိုင်ငံအရေအတွက်နှင့် လေယာဉ် ပျံသန်းမှု နှောင့်နှေး ဖျက်သိမ်းရသည့် လေဆိပ်အရေအတွက်ကို ဖော်ပြနိုင်ခြင်း မရှိသေးချေ။
Ref, Independent
