သက်တန့်
၂၀. ၉. ၂၀၂၅
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက် ရှိရာ ယခုလည်း ချောက်မြို့နယ်ရှိ BOC စက်သုံးဆီဆိုင်မှ လက်ကိုင်ဖုန်း လေးလုံးနှင့် မော်တော်ယာဉ် တစ်စီးတို့အား PDF များက လုယက်ယူဆောင်သွားသည့်အပြင် စက်သုံးဆီဆိုင် မန်နေဂျာအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြန်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ မင်းဒေါင့်ကျေးရွာအနီး မကွေး-ရေနံချောင်း-ချောက် သွားကားလမ်းဘေးရှိ BOC စက်သုံးဆီအရောင်းဆိုင်၌ စက်သုံးဆီအရောင်းဆိုင်မန်နေဂျာဖြစ်သူ မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ ဦးတင်ဦး(၃၁)နှစ်နှင့် ဆီဆိုင်ဝန် ထမ်း လေးဦးတို့ ရှိနေစဉ် PDF ၁၀ ဦးခန့်က SUPER CUSTOM အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ဖြင့် ရောက်ရှိလာပြီး စက်သုံးဆီဆိုင်ဝန်ထမ်းများ၏ လက်ကိုင်ဖုန်း လေးလုံး၊ စက်သုံးဆီဆိုင်ရှိ DOUBLE CAB အမျိုးအစား မော်တော်ယာဉ် တစ်စီး တို့အား လုယက်ယူဆောင်ကာ ဦးတင်ဦးအား အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်၍ စက်သုံးဆီဆိုင် အနောက်ဘက် နှစ်မိုင်ခန့်အကွာ သစ်တိုကန်ကျေးရွာဘက်သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက် ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇ ဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ။ BOC ၏ ဆီဆိုင်တစ်ခုမြင်ကွင်း။
