
၂၀.၉.၂၀၂၅
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ လီဝိုတိုဘီ လာကီ-လာကီ မီးတောင်က အမြင့်ဆုံးသတိပေးအဆင့် ရောက်တဲ့အထိ အာဏာပိုင်တွေက မြှင့်တင်သတိပေးပြီးတဲ့နောက်မှာ စက်တင်ဘာလ ၁၉ ရက်ညက အကြိမ်များစွာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပြာများကိုလည်း ကောင်းကင်ကို မှုတ်ထုတ်ခဲ့လို့ ဒေသခံလေဆိပ်တစ်ခုဆိုရင် စက်တင်ဘာလ ၂၀ ရက်မှာ လုပ်ငန်း မလည်ပတ်နိုင်တော့ဘဲ ပိတ်ခဲ့ရတယ်လို့ သိရပါတယ်။
ဖလိုးစ်ကျွန်း မှာရှိတဲ့ လီဝိုတိုဘီ လာကီ-လာကီ မီးတောင်က ၁,၅၈၄ ပေမြင့်ပြီး တောင်ထိပ်နှစ်ခုရှိတဲ့မီး တောင်ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းကစလို့ အဆက်မပြတ်ပေါက်ကွဲမှုတွေဖြစ်နေရာ မှာ ည ၁၀း၄၆ နာရီမှာတော့ အကြီးမားဆုံးပေါက်ကွဲမှုကြီးဖြစ်ခဲ့ပြီး တောင်ထိပ်မှ အထက် ခြောက်ကီလို မီတာအမြင့်လောက်အထိ ပြာမှုန်တွေမှုတ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၀ ရက် နံနက်မှာ မီးတောင်လှုပ်ရှားမှုတွေ ပြန်လည်စတင်ခဲ့ရာမှာ ၂ ဒသမ ၅ ကီလိုမီတာ အမြင့်အထိ ကောင်းကင်ထဲကို ပြာတွေ လွှတ်တင်ခဲ့မှုအပါအဝင် မီးတောင်ပေါက်ကွဲမှုအများအပြားဖြစ် ပွားခဲ့ပါတယ်။
အင်ဒိုနီးရှား ဘူမိဗေဒအေဂျင်စီက မီးတောင်ရဲ့သတိပေးချက်အဆင့်ကို စက်တင်ဘာ ၁၉ ရက်ညမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ သတိပေးစနစ် လေးဆင့်အနက် အမြင့်ဆုံးအဆင့်ထိ မြှင့်တင်ခဲ့ပြီးနောက် ခုလို ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။
ဘူမိဗေဒအေဂျင်စီ အကြီးအကဲ မူဟာမက် ဝါဖစ် က ဒေသခံတွေနဲ့ ခရီးသွားတွေကို မီးတောင်ဝကနေ အနည်းဆုံး ခြောက် ကီလိုမီတာအကွာမှာနေဖို့ သတိပေးခဲ့ပြီး မီးတောင်ပြာတွေဟာ လေဆိပ်လည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ ဆိုခဲ့ပါတယ်။
ကျယ်ပြောလှတဲ့ကျွန်းစုနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ ဟာ ပစိဖိတ်မီးကွင်း (Ring of Pacific Fire) ပေါ် မှာ တည်ရှိနေတာကြောင့် ငလျင်လှုပ်မှုနဲ့ မီးတောင်လှုပ်ရှားမှုတွေကို မကြာခဏ ကြုံတွေ့နေရပါတယ်။
Ref-AFP
