၂၀.၉.၂၀၂၅
Written by Thiri
အသက် နှစ်ဆယ်ကျော်အရွယ် သနားကမားရုပ်ရည်နဲ့မိန်းကလေးတစ်ဦး လမ်းဘေးမှာ နေထိုင်နေတာကို တွေ့ရှိသတိပြုမိသူတွေက ယဉ်ယဉ်လေးရူးနေသူလို့ထင်ကာ ပရဟိတအဖွဲ့တွေထံ ဆက်သွယ်အကူအညီတောင်းခံတာကြောင့် ကူညီဖို့သွားရောက်စဉ် စိတ်ကျန်းမာရေးချို့ယွင်းနေသူမဟုတ်ဘဲ ပြည့်တန်ဆာအိမ်မှာ ရောင်းစားခံရလို့ ထွက်ပြေးလာတဲ့ မိန်းကလေးဖြစ်နေကြောင်း မြေပြင်မှာ ကူညီပေးခဲ့တဲ့ ပရဟိတအသင်းတာဝန်ရှိသူထံကနေ သိရပါတယ်။
အဆိုပါ မိန်းကလေးက ၅၈ ဘီလမ်း ၁၀၅ ထောင့်လမ်းဘေးမှာ ၃ ညတိတိ နေထိုင်နေတာကို ပတ်ဝန်းကျင်ရှိတာဝန်သိပြည်သူတွေက စိတ်မနှံ့သူလို့ထင်ကာ ကျန်းမာရေးစောင့်ရှောက်မှုရယူနိုင်ဖို့ ပရဟိတ အသင်းထံဆက်သွယ်အကြောင်းကြားတာလို့ သိရပါတယ်။
လူမှုကူညီရေးအသင်းတာဝန်ရှိသူက ” မိန်းကလေးက ကျွန်တော်တို့ သေချာစကားပြောကြည့်တော့ စိတ်က ပုံမှန်ပါပဲ။ သူက မန္တလေးမှာ အလုပ်လုပ်ဖို့ သူယုံကြည်တဲ့ အမျိုးသမီးတစ်ဦးနဲ့ အတူ ငလျင်မဖြစ်ခင်ကတည်းက လိုက်လာတာ။ ၈ လလောက် ရှိပြီတဲ့။ အဲ့ဒီအမျိုးသမီးက သူ့ကို မကောင်းတဲ့နေရာကို ပို့ခဲ့တာ။ သူက အဲ့ဒီကနေထွက်လာတာ ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
အမျိုးသမီးကို ရပ်ကွက်တာဝန်ရှိသူတွေရှေ့ အပ်နှံပြီး လိုအပ်တဲ့ အကူအညီပေးဖို့ မေးမြန်းရာမှာ သူနေထိုင်ရာ ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်ကို ပြန်လိုတယ်ဆိုတာကြောင့် ရပ်ကွက်ထောက်ခံစာ၊ ခရီးသွားလာခွင့် ထောက်ခံစာတွေ ကူညီပေးပြီး ရန်ကုန်- မန္တလေး လမ်းဟောင်းတိုင်း ပြန်မယ့် အဝေးပြေးကားနဲ့ တင်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ ရပ်မိရပ်ဖတွေနဲ့ ဆုံးဖြတ်ပြီးတော့ မိန်းကလေးကို အိမ်ပြန်နိုင်ဖို့ကူညီပေးလိုက်တယ်။ လမ်းမှာ သုံးဖို့လည်း စုပေါင်းပြီး ငွေငါးသောင်းပေးလိုက်ပါတယ်”လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။
အမျိုးသမီးငယ်တွေ အနေနဲ့ ဘယ်အရပ်ဘယ်ဒေသမှာ အလုပ်အကိုင်ကောင်းတယ်ဆိုတိုင်း အယုံလွယ်ပြီး မလိုက်လာမိစေဖို့နဲ့ အခုလို လိမ်ညာခေါ်ဆောင် လူကုန်ကူးမှု ကျူးလွန်ကြသူတွေကလည်း ကိုယ့်ဘေးပတ်ဝန်းကျင်က သိရှိ ရင်းနှီးသူတွေပဲ ဖြစ်နေတတ်တာကို သတိပြုကြဖို့လည်း အဆိုပါ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုပါတယ်။
