နေမိုး
၂၀. ၉. ၂၀၂၅
တည်ဆဲအစိုးရက အကြမ်းဖက်လက်နက်ကိုင်အဖြစ်သတ်မှတ်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကပါ မူးယစ်ဆေးဖြန့်သော လူကုန်ကူးလက်နက်ကိုင်အဖွဲ့အစည်းအဖြစ် နိုင်ငံတကာသို့ သတင်းထုတ်ပြန်ခံရသည့် AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းယူရန် ကြိုးပမ်းနေသော်လည်း ရှည်လျားသော ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်နှင့် မောင်တောခရိုင်၏ အချို့နေရာများ၌ ပြည်သူ့လုံခြုံရေးကို အချိန်ပြည့် တင်းပြည့်ကျပ်ပြည့် မဆောင်ရွက်နိုင်သေးကြောင်း AA က ဝန်ခံသည်။
ထို့ပြင် ဘင်္ဂါလီလက်နက်ကိုင် ARSA ၊ RSO လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ခြေကုပ်ရယူထားပြီး နတ်မြစ်နှင့် မယူတောင် လမ်းကြောင်းများမှတစ်ဆင့် မောင်တောခရိုင်အတွင်းသို့ စိမ့်ဝင်ရောက်လျက်ရှိကြောင်း AA က ဆိုသည်။
ထို့ပြင် မောင်တောခရိုင်အတွင်းရှိ ဘင်္ဂါလီ အဖွဲ့များသည် လူသူကင်းဝေးသောတောတောင်များ၊ လူပြတ်သောနေရာများ၌ ဟင်းရှာ၊ ထင်းခုတ်၊ ဈေးဝယ် သွားလာနေကြသော ဒေသခံပြည်သူလူထုများထဲမှ မူဆလင်မဟုတ်သောသူများအား ချောင်းမြောင်းပစ်ခတ်ခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် သတ်ဖြတ်ခြင်းများကို ယခုရက်များတွင် ဆက်တိုက်လုပ်ဆောင်လျက်ရှိသလို ဘင်္ဂါလီတို့က ရခိုင်ပြည်သူများကို သတ်ဖြတ်ဖမ်းဆီးပြီး AA အကြမ်းဖက်လက်နက်ကိုင်တို့၏ ဝတ်စုံများကို လဲလှယ်ကာ AA အကြမ်းဖက်များ ဖမ်းမိသည်ဟု ဝါဒဖြန့်နေသည်ဟုလည်း AA က စွပ်စွဲသည်။
ထို့ကြောင့် ARSA ၊ RSO များသည် ရခိုင် – ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် နေထိုင်ကြသော ရခိုင်ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်နေသောကြောင့် လုံခြုံရေးအရ သတိထားရမည့် အချိန်ကာလဖြစ်သောကြောင့် ရခိုင် ပြည်သူများအနေဖြင့် တောတောင်ထဲနှင့် လူပြတ်သောနေရာများ၌ သွားလာကြသောအချိန်များတွင် တစ်ဦးတည်း (သို့) လူအနည်းစုဖြင့် သွားလာကြသည်များကို အတတ်နိုင်ဆုံး မပြုလုပ်ကြပါရန်နှင့် ကျန်းမာရေးကိစ္စ၊ မသွားမဖြစ် သွားလာရမည့် အရေးကြီးကိစ္စများရှိပါက AA ကို သတင်းပို့ပြီးမှ သွားရန်လည်း AA က အမိန့်ပေးထားသည်။
