◾၂၀၂၆ ခုနှစ်အစောပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်ရန် ရှီနှင့် သဘောတူဟုဆို
၂၀.၉.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ထရမ့်ပ်က စက်တင်ဘာ ၁၉ ရက် ညပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောကြားမှုပြုလုပ်ပြီးမကြာမီမှာပင် ၎င်းတို့သမ္မတနှစ်ဦးက ယခုနှစ်ကုန်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ၌ပြုလုပ်မည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (အေပက်) ၏ထိပ်သီးဆွေးနွေးပွဲတွင် တွေ့ဆုံကြရန် သဘောတူခဲ့ကြောင်း လူမှုကွန်ရက်တွင် ထုတ်ဖော် ရေးသားခဲ့သည်။
ထရမ့်ပ်က “ဒီလို သဘောတူနိုင်ခဲ့တာ အလွန်အပြု သဘောဆန်ပါတယ်” ဟုပြောကြားခဲ့သည်။
အေပက် ထိပ်သီး ဆွေးနွေးပွဲကို တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ဘက်ရှိ ဂျုန်ဂျုးမြို့တွင် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာလ ၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ထရမ့်ပ်က နှစ်ဖက်စလုံးက အေပက်ထိပ်သီးဆွေး နွေးပွဲကျင်းပစဉ် တွေ့ဆုံကြရန်ကို ကြိုဆိုခဲ့ကြသည်ဟုပြောခဲ့သည်။
သို့ရာတွင် သမ္မတနှစ်ဦးအနေဖြင့် တရားဝင်ထိပ်သီးဆွေးနွေးပွဲအဖြစ် တွေ့ဆုံကြမည်လော (သို့မဟုတ်) အေပက်ဆွေးနွေးပွဲ ကျင်းပနေစဉ် ပြင်ပ၌ ကြုံကြိုက်သည့်အနေဖြင့်တွေ့ဆုံဆွေးနွေးကြမည်လော ရှင်း လင်းစွာ မသိရသေးပေ။ အကယ်၍ ၎င်းတို့နှစ်ဦးက စီစဉ်ထားသည့်အတိုင်းသာ တွေ့ဆုံခဲ့ကြမည်ဆိုပါက၊ ၂ဝ၁၉ ခုနှစ် ဇွန်လတွင် ဂျပန်နိုင်ငံ၊ အိုဆာကာ၌ ပြုလုပ်သည့် ဂျီ-၂၀ ထိပ်သီးစည်းဝေးပွဲအပြီး ပထမဆုံး လူချင်းတွေ့ဆုံမှုအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
အင်အားကြီးနှစ်နိုင်ငံမှ ခေါင်းဆောင်များကြား တွေ့ဆုံကြရန် မျှော်မှန်းထားမှုကြောင့်လည်း တောင်ကိုရီးယားတွင် ကျင်းပမည့် အေပက် ထိပ်သီးဆွေးနွေးပွဲက နိုင်ငံတကာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်ဖြစ်ပြီး ၎င်းတို့၏ ရလဒ်ပေါ် မူတည်၍ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး၊ လုံခြုံရေးနှင့် အခြားသော နယ်ပယ်များအတွက် ကျယ်ပြန့်စွာ သက်ရောက်မှု ရှိနိုင်သည်ဟု မျှော်လင့်ရသည်။
တောင်ကိုရီးယားသမ္မတ လီဂျေမြွန်၏ အစိုးရအဖွဲ့က အမေရိကန်နှင့်တောင်ကိုရီးယားတို့၏ နှစ်နိုင်ငံ မဟာမိတ်အဖြစ်တည်ရှိမှု အားကောင်းစေရန်နှင့် ၎င်း၏ လက်တွေ့ကျသော နိုင်ငံခြားရေးမူဝါဒ ချဉ်းကပ်မှုအောက်တွင် တရုတ်နိုင်ငံနှင့် တည်ငြိမ်သော ဆက်ဆံရေးကို ထိန်းသိမ်းရန် ကြိုးပမ်းနေချိန် တွင် ယခုကဲ့သို့ အေပက် ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်မှုများ ရှိလာခဲ့ခြင်းဖြစ်သည်။
လူမှုကွန်ရက် ပို့စ်တွင် ထရမ့်ပ်က သူ့အနေနှင့်လာမည့်နှစ်အစောပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်ရန် ရှီ နှင့်သဘောတူခဲ့ပြီး ရှီကလည်း “သင့်လျော်သောအချိန်တစ်ခုခုတွင် အမေရိကန်သို့ လာရောက်လည်ပတ်လိမ့်မည်” ဟု ဖော်ပြခဲ့သည်။
ထရမ့်က ၎င်း၏သမ္မတအဖြစ် ပထမသက်တမ်းအတွင်းကလည်း တရုတ်နိုင်ငံသို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် နောက်ဆုံး သွားရောက်ခဲ့သည်။ ရှီကလည်း ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် ထရမ့်ပ်နှင့် ဖလော်ရီဒါပြည်နယ်တွင် တွေ့ဆုံခဲ့ကြသည်။
တရုတ်နိုင်ငံ၏ နိုင်ငံပိုင်သတင်းဌာနဖြစ်သော ဆင်ဟွာက ခေါင်းဆောင်များကြား ဖုန်းဆက်စကားပြောနိုင်ခဲ့ကြမှုက လက်တွေ့ကျကာ၊ တိုးတက်မှုရှိ အပေါင်းလက္ခဏာပြပြီး အပြုသဘောဆောင်သည်ဟု ဖော်ပြခဲ့သည်။
Ref-Yonhap
