သက်တန့်
၂၀. ၉. ၂၀၂၅
ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်က ချင်းမိုင်မူအန်းခရိုင်တွင် မိန်းကလေးငယ်တစ်ဦးအပါအဝင် ကျောင်းသားသုံးဦးကို လက်ပြတ်သည့်အထိ ပြင်းထန်စွာ ဒဏ်ရာရရှိအောင် ရက်ရက်စက်စက် ဂိုဏ်းဖွဲ့တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး သံသယရှိသူ ၁၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ လက်မှာ ပြတ်တောက်သွားခဲ့ရသည်။






အဆိုပါဖြစ်ရပ်အပေါ် ဒုတိယရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ပရာချွပ် ဝေါင်ဆွတ်ခ် (Prachuap Wongsuk) က သံသယရှိသူ ၁၅ ဦးစလုံးကို စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက်အတွင်း ဖမ်းဆီးခဲ့ကြောင်း စက်တင်ဘာ ၁၉ ရက်က ကြေညာခဲ့သည်။
၎င်းတို့အား ပြင်းထန်သော ခန္ဓာကိုယ်ဒဏ်ရာများ ရရှိအောင် ပြုလုပ်မှု၊ လူငါးဦး သို့မဟုတ် ထို့ထက်ပိုသော လူများပါဝင်သည့် ရာဇဝတ်မှုကျူးလွန်ရန် လျှို့ဝှက်ပူးပေါင်းကြံစည်မှုနှင့် လက်နက်များကို အများပြည်သူရှေ့တွင် တရားမဝင် ကိုင်ဆောင်မှုများဖြင့် စွဲချက်တင်ထားသည်။

အဓိက သံသယရှိသူမှာ အသက် ၂၄ နှစ်အရွယ် မြန်မာနိုင်ငံသား စိုင်းအိုက်မောင် ဖြစ်ပြီး၊ ဘန်ကောက်သို့ ထွက်ပြေးရန် ကြိုးစားစဉ် လမ်ဖွန်ပြည်နယ်ရှိ မယ်ထာ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ပြင်းထန်စွာ ဒဏ်ရာများရရှိစေခဲ့သည့် ဓားရှည်ကို ကိုင်ဆောင်သူမှာ စိုင်းအိုက်မောင် ဖြစ်သည်။ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ၎င်းသည် ယခင်ကလည်း အလားတူ အကြမ်းဖက်မှု ဖြစ်စဉ်များ ကျူးလွန်ခဲ့ဖူးပြီး၊ မတ်လကလည်း ပြိုင်ဘက်များကို ဓားရှည်နှင့် တိုက်ခိုက်မှုဖြင့် ဖမ်းဆီးခံခဲ့ရဖူးသည်။ ယခင်က အဖမ်းခံခဲ့ရသော်လည်း ၎င်းသည် ပြစ်မှုများကို ထပ်မံကျူးလွန်ခဲ့ပြန်သည်။
စိုင်းအိုက်မောင်ကမူ ၎င်း ဓားဖြင့်ခုတ်ခဲ့သည့် အသက် ၁၄ နှစ်အရွယ် သားကောင်သည် မိန်းကလေးဖြစ်ကြောင်း မသိရှိခဲ့ဘဲ၊ ၎င်းဝတ်ဆင်ထားသည့် ခေါင်းစွပ်အဝတ်အစားများကြောင့် အမျိုးသားဟု မှားယွင်းထင်မှတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ၎င်း၏ တိုက်ခိုက်မှုသည် လူအုပ်စုမှားယွင်းပစ်မှတ်ထား တိုက်ခိုက်မိခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ၎င်း၏ လုပ်ရပ်အတွက် နောင်တရကြောင်းလည်း ပြောဆိုခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်ဟူသော စိုးရိမ်မှုများကြောင့် ရဲတပ်ဖွဲ့က ခရီးသွားများ လုံခြုံရေးအတွက် အစီအစဉ်သစ်များ စတင်နေချိန်တွင် အဆိုပါဖမ်းဆီးမှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော CCTV ရုပ်သံမှတ်တမ်း၌ စားသောက်ဆိုင်တစ်ခုအတွင်း ကြောက်လန့်တကြား ပြေးဝင်လာသော လူငယ်သုံးဦးကို ဓားကိုင်လူငယ်တစ်စုက ဆိုင်ထောင့်အတွင်းပိတ်ကာ ဓားဖြင့်ခုတ်နေသည်ကို တွေ့ရှိရပြီး အဆိုပါဖြစ်ရပ်အပေါ် ထိုင်းပြည်သူများက အမျက်ဒေါသပြင်းထန်စွာ ထွက်ပေါ်နေကြသလို ထိရောက်စွာ အရေးယူပေးရန်လည်း တောင်းဆိုနေကြသည်။
Ref, Bangkok Post
