MT News
၂၀. ၉. ၂၀၂၅
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်ပ်တို့သည် စက်တင်ဘာ ၁၉ ရက် ညပိုင်းက ဖုန်းဖြင့် ဆက်သွယ်၍ လက်ရှိ တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ဘုံဂရုပြုကြသည့် အရေးကိစ္စများကို ပွင့်လင်းနက်ရှိုင်းစွာ အမြင်သဘောထားချင်း ဖလှယ်ခဲ့ကြပြီး နောက်တစ်ဆင့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်ရန် မဟာဗျူဟာ လမ်းညွှန်မှု ပြုခဲ့ကြသည်။ ဆက်သွယ်ဆွေးနွေးမှုသည် လက်တွေ့ကျမှု၊ တက်ကြွမှုနှင့် အပြုသဘောဆောင်မှု ရှိခဲ့သည်။
ထိုသို့ ဆက်သွယ်ဆွေးနွေးရာတွင် ရှီကျင့်ဖိန်က တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်း ပခုံးချင်းယှဉ်တိုက်ပွဲဝင်ခဲ့ကြသည့် မဟာမိတ်များ ဖြစ်ကြောင်း၊ မကြာသေးမီက တရုတ်နိုင်ငံတွင် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ရာ ယခင်က အမေရိကန် Flying Tigers တပ်ဖွဲ့ဝင်များ၏ ကျန်ရှိသောမိသားစုဝင်များကို ထျန်းအန်းမန်နန်းမျှော်စင်တွင် စစ်ရေးပြအခမ်းအနားကို ကြည့်ရှုရန် ဖိတ်ကြားခဲ့ကြောင်း၊ တရုတ်ပြည်သူများသည် အမေရိကန် စသည့် ဖက်ဆစ်တော်လှန်ရေးမဟာမိတ်နိုင်ငံများက တရုတ်နိုင်ငံ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲအတွက် အဖိုးတန် အားပေးပံ့ပိုးမှုများခဲ့သည့်အပေါ် မေ့ပျောက်သွားမည် မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ကျဆုံးလေပြီးသော အာဇာနည်များကို ပြန်လည်အောက်မေ့ကာ သမိုင်းကို စွဲမြဲစွာမှတ်သားသည့် အခြေခံပေါ်တွင် ငြိမ်းချမ်းရေးကို တန်ဖိုးထားချစ်မြတ်နိုး၍ အနာဂတ်ကို ဖွင့်လှစ်သင့်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
ထို့အပြင် ရှီကျင့်ဖိန်က တရုတ်-အမေရိကန် ဆက်ဆံရေးသည် အလွန် အရေးကြီးကြောင်း၊ တရုတ်-အမေရိကန်သည် အပြန်အလှန် အောင်မြင်စေရန်၊ ဘုံသာယာဝပြောစေရန်၊ နှစ်နိုင်ငံ အကျိုး၊ ကမ္ဘာ့အကျိုး ဖြစ်ထွန်းစေရန် အပြည့်အဝ ဆောင်ရွက်၍ ရကြောင်း၊ ဤမျှော်မှန်းချက်ကို ဖော်ဆောင်ရန်မှာ နှစ်ဖက်အနေဖြင့် စိတ်တူကိုယ်တူ ရှေ့ဆက် ကြိုးပမ်းအားထုတ်ရမည် ဖြစ်ပြီး အပြန်အလှန် လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။
နှစ်ဖက်အဖွဲ့အစည်းများ၏ မကြာသေးမီက ညှိနှိုင်းဆွေးနွေးမှုသည် တန်းတူညီမျှမှု၊ လေးစားမှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှုဟူသော စိတ်ဓာတ်ကို ပေါ်လွင်စေခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး၌ ရှိသော ထင်ရှားသည့်အရေးကိစ္စများကို ဆက်လက် သင့်လျော်ကောင်းမွန်စွာ စီမံပြီး နှစ်ဖက်အကျိုးဖြစ်ထွန်းသည့် ရလဒ်ဖော်ဆောင်ရေး ကြိုးပမ်းဆောင်ရွက်၍ ရကြောင်း၊ နှစ်ဖက် အကြိမ်ပေါင်းများစွာ ဆွေးနွေးထားသည့် အောင်မြင်မှုရလဒ်များအပေါ် ရိုက်ခတ်မှုအား ကာကွယ်တားဆီးရန် အမေရိကန်အနေဖြင့် တစ်ဖက်သတ် ကုန်သွယ်ရေးကန့်သတ်မှုအစီအမံများ လုပ်ဆောင်မှုကို ရှောင်ရှားသင့်ကြောင်း၊ တရုတ်နိုင်ငံဘက်က TikTok အရေးကိစ္စအပေါ် ရပ်တည်ချက်သည် ရှင်းလင်းပြတ်သားကြောင်း၊ တရုတ်နိုင်ငံ အစိုးရသည် ကုမ္ပဏီလုပ်ငန်း၏ သဘောဆန္ဒကို လေးစားရာ ကုမ္ပဏီလုပ်ငန်းများက ဈေးကွက်စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီသော အခြေခံပေါ်တွင် စီးပွားရေးစေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ပြီး တရုတ်နိုင်ငံ တရားဥပဒေ စည်းမျဉ်းစည်းကမ်းများ၊ အကျိုးစီးပွားမျှတမှုနှင့်ကိုက်ညီသော ဖြေရှင်းရေးနည်းလမ်းရရှိရန် မြင်တွေ့လိုကြောင်း၊ အမေရိကန်အနေဖြင့် တရုတ်ကုမ္ပဏီလုပ်ငန်းများ အမေရိကန်တွင် ရင်းနှီးမြှုပ်နှံရေးအတွက် တံခါးဖွင့်လှစ်သော၊ တရားမျှတသော၊ ခွဲခြားဆက်ဆံမှုမရှိသော စီးပွားရေးပတ်ဝန်းကျင် ပံ့ပိုးပေးစေလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထရမ့်ပ်ကမူ တရုတ်နိုင်ငံ၏ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသည် အလွန်ခမ်းနားပြောင်မြောက်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်-တရုတ် ဆက်ဆံရေးသည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံးသော နှစ်ဖက်ဆက်ဆံရေး ဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာကြီးငြိမ်းချမ်းတည်ငြိမ်ရေးကို အကျိုးပြုသော ကိစ္စကြီးများကို ဖြစ်မြောက်စေနိုင်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ရေရှည်၊ ကောင်းမွန်သော ကြီးမြတ်သည့်ဆက်ဆံရေးကို ထိန်းသိမ်းသွားလိုကြောင်း၊ အမေရိကန်နိုင်ငံဘက်က နှစ်နိုင်ငံ ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုရာ နှစ်ဖက်အဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးမှုကို ထောက်ခံအားပေးသွားမည်ဖြစ်သလို Tiktok အရေးကိစ္စအား သင့်လျော်ကောင်းမွန်စွာ ဖြေရှင်းသွားမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန် အမေရိကန်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref. ,Xinhua
