◾ CDM မလုပ်သည့် ခေါင်းစဥ်တပ် သတ်ဖြတ်လိုက်ခြင်းဖြစ်ပြီး တိုင်ကြားမေးမြန်းမှုများ NUG နှင့် ယင်းမာပင် PDF မတုံ့ပြန်ရဲသေး
နေမိုး
၁၉. ၉. ၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းက ဆားခါးကျေးရွာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး (၉)ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုကို ဖော်ထုတ်အရေးယူပေးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနကို တိုင်ကြားထားတယ်လို့ NLD/CRPH/NUG နဲ့ PDF တွေ ထောက်ခံတဲ့ Exile Media တစ်ခုဖြစ်တဲ့ Burma VJ သတင်းဌာနက ရေးသားဖော်ပြလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၂ ရက်နေ့ ည ၈ နာရီအချိန်မှာ ဆားလင်းကြီးမြို့အရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာ ဆားခါးကျေးရွာက ပကဖ၊ ပအဖတွေဖြစ်တဲ့ ဦးဇော်လင်းနဲ့ဦးမောင်ချိုတို့ဦးဆောင်ပြီး တစ်ရွာလုံးကိုမီးမှိတ်ခိုင်းကာ ယင်းမာပင်ခရိုပ်တပ်ရင်း-၂၈ က လက်နက်ကိုင် PDF တွေနဲ့အတူ အိမ်တွေထဲဝင်ပြီး အမျိုးသမီး (၉)ဦးကိုဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်လိုက်တဲ့အတွက် ပါဝင်သူတွေကို အရေးယူပေးဖို့ဆိုပြီး တိုင်ကြားထားတာလို့ အမှုနဲ့ပတ်သက်ပြီးလိုက်ပါကူညီနေသူ မခင်ယွန်းရဲ့ ပြောဆိုမှုအဖြစ် “ဆားလင်းကြီး စက်ရုံက အလုပ်သမားတွေပါ။ CDM မလုပ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ သတ်လိုက်တယ်လို့ ကြားပါတယ်”လို့ ပြောတာကိုလည်း ဖော်ပြထားပါတယ်။
ယင်းမာပင် PDF တွေ ဖမ်းဆီးပြီး သတ်လိုက်သူတွေက မချစ်ချစ်ဝင်း(၄၅)နှစ်၊ မယဉ်ယဉ်ခိုင် (၃၇)နှစ်၊ မခိုင်ယဉ်မွန် (၃၅)နှစ်၊ မဇာဇာဝင်းစိုး (၄၅)နှစ်၊ မသလ္လာ (၃၇)နှစ်၊ မမိုးမြင့်သူ (၃၃)နှစ်၊ ဒေါ်စန်းလွင် (၆၀)နှစ်၊ ဒေါ်မော် (၄၉)နှစ်နဲ့ မသန္တာဝင်း (၃၆)နှစ်တို့ဖြစ်ပြီး သူတို့တွေဟာ ဆားလင်းကြီး တပ်မတော်ချည်မျှင်နဲ့အထည်စက်ရုံက ယက္ကန်းမောင်းတဲ့ဝန်ထမ်းတွေဖြစ်ကာ မယဉ်ယဉ်ခိုင်ကတော့ ကြီးကြပ်ရာထူးနဲ့ မဇာဇာဝင်းက စုမှူးရာထူးတို့ကို တာဝန်ယူထားတယ်လို့လည်း Burma VJ က ပြောပါတယ်။
အဲ့ဒီ ၉ ဦးထဲမှာ မယဉ်ယဉ်ခိုင်ဟာ ဖမ်းဆီးခံသွားရချိန်မှာ ကိုယ်ဝန်လေးလရှိနေပြီး မယဉ်ယဉ်ခိုင်၊ မခိုင်ယဉ်မွန်တို့က ညီအမအရင်းတွေဖြစ်သလို မဇာဇာဝင်းစိုးနဲ့က ညီမတစ်ဝမ်းကွဲတွေဖြစ်ကြောင်း၊ သူတို့အားလုံးကို ဖမ်းဆီးပြီးသုံးရက်ခန့်မှာ (၇)ဦးကို သတ်ဖြတ်ပြီး နောက်ထပ် နှစ်ရက်ခန့်မှာ ကျန်တဲ့နှစ်ဦးကိုသတ်လိုက်တယ်လို့ မျက်မြင်ကပြောပေမယ့် သူတို့သေဆုံးတာကို မိသားစုဝင်တွေက အခု ၂၀၂၅၊ စက်တင်ဘာလမှာမှသိရှိရတာဖြစ်ကြောင်း မခင်ယွန်းက “တစ်ရွာလုံးကို မီးမှိတ်ခိုင်းပြီး ည ၈ နာရီလောက်မှာဝင်ဖမ်းတာ။ အစက ဘာသတင်းမှ မကြားရသေးဘူး။ နီးစပ်ရာကိုစုံစမ်းရင်းနဲ့ မျက်မြင်အမျိုးသမီးတယောက်ရဲ့ ပြောပြချက်အရ သိရတာ။ ဓားနဲ့အပိုင်းပိုင်းလှီးဖြတ်ပြီး တချို့ကိုလည်း လည်ပင်းဖြတ်ထားတယ်လို့ ပြောတယ်။ လိုက်စုံစမ်းရင်းနဲ့ တောင်ကြားရွာဘက်ဖမ်းတယ်လို့ကြားရတယ်။ သက်သေကအစက ဖွင့်မပြောရဲတာပါ။ အခုမှဖွင့်ပြောတာပါ”လို့ ပြောပါတယ်။
တိုင်ကြားချက်ထဲမှာ ဒီအမျိုးသမီး ၉ ဦးကို မတရားဖမ်းဆီး အစုလိုက်အပြုံလိုက် ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း-၂၈ ဓားမဆိုင်းတပ်မတော်နဲ့ ဆားခါးကျေးရွာ ပကဖ၊ ပအဖတို့ကို ဖော်ထုတ်အရေးယူပေးဖို့နဲ့ထိရောက်စွာအရေးယူပေးဖို့ တိုင်ကြားထားကြောင်း၊ NUG ကာကွယ်ရေးဝန်ကြီးဌာနကို မတိုင်ကြားခင်မှာ ဘင်္ဂါးရွာမှာရှိတဲ့ ဘင်္ဂါးတရားရုံးကိုတိုင်ကြားခဲ့ပေမယ့် အထက်ကို အမှုတွဲတင်ပေးမယ်ဆိုပြီး ဘာသတင်းမှထပ်မကြားရတာကြောင့် ကာကွယ်ရေးဝန်ကြီးဌာနကို အခုလ ၁၂ ရက်မှာ ထပ်မံတိုင်ကြားရတာဖြစ်ကြောင်း၊ ဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း-၂၈ ဓားမဆိုင်းတပ်မတော်ရဲ့ တပ်ရင်းမှူး ဗိုလ်စွမ်းကို Burma VJက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ တိုင်ကြားထားတာကိုသိရှိကြောင်း၊ ဒါပေမယ့် အဲ့ဒီကိစ္စအပါအဝင် အမျိုးသမီး ၉ ဦး အသတ်ခံရတာနဲ့ပတ်သက်ပြီး ရှင်းလင်းအောင် မေးမြန်းမှုကိုတော့ ပြန်လည်ဖြေဆိုတာမျိုးမရှိကြောင်း၊ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရပြီး သေဆုံးသွားတဲ့အမျိုးသမီးတွေထဲမှာ မယဉ်ယဉ်ခိုင်မှာ အသက် ၁၂ အရွယ် သမီးတစ်ဦး၊ မဇာဇာဝင်းစိုးမှာ သမီးနှစ်ဦး၊ ဒေါ်မော်မှာ သားသမီးသုံးယောက်တို့ရှိပြီး ကျန်တဲ့သူတွေကတော့ အပျိုတွေဖြစ်တယ်လို့ သိရကြောင်း၊ ဒီအမျိုးသမီး ၉ ဦးကို PDF တွေ သတ်ဖြတ်တာနဲ့ ပတ်သက်ပြီး NUG ပြောရေးဆိုခွင့်ရှိသူ နေဘုန်းလတ်နဲ့ Press Officeကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုမှု မရှိသေးကြောင်း Burma VJ က ဖော်ပြထားသလိုအမျိုးသမီး ၉ဦး သေဆုံးမှုအတွက်ကူညီဆောင်ရွက်ပေးနေသူ ဒေသခံ မခင်ယွန်းက” ရွာထဲကိုဝင်လာတော့ မီးမှိတ်ခိုင်းထားတဲ့အတွက် မမြင်ရဘူးရှင့်။ အပြင်လူထွက်မကြည့်ရ၊ ထွက်ကြည့်သူ သေနတ်နဲ့ ပစ်သတ်မယ်ပြောတဲ့အတွက် ဘယ်သူမှ ထွက်မကြည့်တာပါ။ ဦးမောင်ချိုက အပြင်မထွက်ဖို့ရာ မိုက်နဲ့ဟစ်တာရှင့်။ ဦးဇော်လင်းက မိုက်နဲ့ဦးမောင်ချိုကို ဟစ်ခိုင်းတာ။ တောင်ဘက်နယ်ကိုဖမ်းသွားတဲ့အတွက် ဓားမဆိုင်းလို့ပြောရတာပါ။ သူတို့နယ်လို့ပြောရမှာပါ။ ဓားမဆိုင်းက တောင်ကြားရွာမှာ အခြေစိုက်တဲ့အတွက် နောက်ထပ်လည်းဓားမဆိုင်းကလွဲပြီး အခြားအဖွဲ့မရှိတဲ့အတွက်မို့ ဒီလိုပြောရတာပါ”လို့ ၂၀၂၃ ဇူလိုင် ၂ရက်နေ့က ဖမ်းခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြောတာကိုလည်း ဖော်ပြထားပါတယ်။
လက်နက်ကိုင် စစ်သုံပန်းကိုတောင် သတ်ဖြတ်ခွင့်မရှိဘူးလို့ စည်းမျဥ်းတွေ ထုတ်ပြန်ထားပေမဲ့ PDF တွေကတော့ တရားလက်လွတ် သတ်ဖြတ်တာ အမြဲတမ်းဖြစ်နေပြီဖြစ်ပြီး ဒီလိုဖြစ်ရပ်တွေကိုလည်း ပြည်ပထွက်ပြေးနေတဲ့ NUG က တားမြစ်နိုင်စွမ်း၊ အရေးယူနိုင်စွမ်းမရှိပါဘူး။ လက်ရှိအချိန်မှာလည်း ယင်းမာပင် PDF တွေ လက်ရဖမ်းဆီးသွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် လက်နက်မဲ့ အမျိုးသမီး ဆယ်ဦးကို PDF တွေက ရက်စက်စွာ သတ်ဖြတ်လိုက်မှုကိုလည်း Burma VJ သတင်းအောက်မှာ ဝေဖန်ရှုတ်ချနေကြပြီး နေညိုအေး အကောင့်ပိုင်ရှင်က “စစ်မြေပြင်မှာ တိုက်လို့ မနိုင်လို့ အလံဖြူထောင် လက်နက်ချခဲ့ကြတဲ့ ရန်သူ စစ်သားစစ်စစ်ကြီးတွေကိုတောင် ခင်ဗျားတို့တွေ မသတ်ပဲနဲ့ ထမင်းကျွေး ထိန်းသိမ်းထားကြသေးတာဘဲဗျာ ခုဟာက မိန်းကလေးတွေလဲ ဖြစ်တယ် ပီးတော့ ရဲမေတွေလဲ မဟုတ်ဖူး အရပ်ထဲကတွေပါ CDM မလုပ်တဲ့အပြစ်လေးလောက်နဲ့တော့ အဲ့လိုမလုပ်သင့်ဘူးလို့ထင်ပါတယ် (သတ်ပုံမူရင်း) လို့ ဝေဖန်ထားသလို Kyaw Zin Htet အကောင့်ပိုင်ရှင်ကလည်း “မည်သည့်အဖွဲ့အစည်းက လုပ်သည်ဖြစ်စေ အရေးယူဖို့လိုအပ်ပါတယ်။ အာဏာရှင်စနစ်ကို မကြိုက်လို့ တိုက်ယူနေရတာပါ။ အာဏာရှင်လက်သစ်ဖြစ်ချင်တဲ့ ဘယ်လိုကောင်မျိုးမဆို ပြည်သူက လက်ခံမှာမဟုတ်ဘူး။ PDF ဖြစ်စေ။ စစ်တပ်ကဖြစ်စေ။ ပအဖ ဖြစ်စေ။ ပကဖ ဖြစ်စေ။ NLD ဖြစ်စေ။ ကြံ့ခိုင်ရေးဖြစ်စေ။ ဒီမူကိုလက်ကိုင်ထားရင် ပြည်သူ့မေတ္တာစူးမယ်။ သံသရာမကောင်းစေရဘူး။ တူသောအကျိုး ပြန်ကိုပေးရမယ်။ ဒါဟာ နိုင်ငံရဲ့ အရှင်သခင် ပြည်သူ့ကျိန်စာ ဖြစ်တယ်”လို့ NUG နဲ့ PDF တွေကို ကျိန်စာတိုက်ထားပါတယ်။
သတင်း + ဓာတ်ပုံ – Burma VJ
