◾️ ရေထွက်ကုန်ပစ္စည်းများကို လေကြောင်းလိုင်းများမှတစ်ဆင့် တင်ပို့နိုင်ရေး မြိတ်လေယာဉ်ကွင်းကို အဆင့်မြှင့်တင်ပေးသွားမည်ဟုပါ ပြောကြား
၁၉. ၉. ၂၀၂၅
Written by Nyein Kyaw
မြိတ်မြို့တွင် အပြည်ပြည်ဆိုင်ရာငါးလေလံဈေး တည်ဆောက်ပေးမည်ဖြစ်ပြီး မြေနေရာအတွက်လည်း မူဝါဒချမှတ်ပေးထားပြီးဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ယနေ့ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားသည်။




ထို့အပြင် ရေထွက်ကုန်ပစ္စည်းများတင်ပို့ရာတွင် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်သွားရန်လိုပြီး ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ အတိုင်းဖြစ်ရန်လိုကြောင်း၊ ပြည်ပသို့ တင်ပို့ရာတွင် အအေးခန်းကွန်တိန်နာများဖြင့် သယ်ယူဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းပိုမိုအဆင်ပြေနိုင် မည်ဖြစ်ကြောင်း၊ ပုစွန်သားပေါက် တင်သွင်းခွင့်ရရှိရေး၊ ပုစွန်အစာ တင်သွင်းခွင့်ရရှိရေး တို့နှင့်ပတ်သက်၍ အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများသည် အိမ်နီးချင်းနိုင်ငံများ၌ ဈေးကွက်လိုအပ်ချက်ပမာဏ ကြီးမားစွာရှိသည့်အတွက် လေကြောင်းလိုင်းများမှတစ်ဆင့် တင်ပို့နိုင်ရေး မြိတ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ပုစွန်မွေးမြူရေးအတွက်လိုအပ်သည့် ပုစွန်အစာနှင့်ပတ်သက်၍ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပုစွန်မွေးမြူရေးတွင် ပုစွန်ကန်များပြုလုပ်၍ မွေးမြူသကဲ့သို့ သဘာဝဘေးအန္တရာယ်ကို အတတ်နိုင်ဆုံးလျှော့ချနိုင်ရန်အတွက် လေကာပင်များ စိုက်ပျိုးရန်လိုကြောင်း၊ ပုစွန်ကန်များ ဖော်ထုတ်ရာတွင်လည်း စနစ်တကျသုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ယင်းအပြင် မြိတ်ခရိုင်အတွင်း ဆန်ဖူလုံမှုနှင့်ပတ်သက်၍ တိုးတက်မှုရှိလာသည်ကို တွေ့ရှိရသော်လည်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးအတွက်ခွင့်ပြုပေးထားသည့် မြေနေရာများ၌ အခြားနည်းများဖြင့် သုံးစွဲမှုမရှိစေရေး၊ သတ်မှတ်စည်းမျဉ်းများနှင့်အညီဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
အထက်ပါအချက်များအပြင် မြိတ်ဒေသတွင် အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်နေထိုင်ကြမည်ဆိုပါက လူနေထိုင်မှုအတွက် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ပြီး စိုက်ပျိုးမြေများ၌ အခြားနည်းများဖြင့် အသုံးပြုမှုများသည်လည်း လျော့နည်းသွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
