၁၉. ၉. ၂၀၂၅
Written by Nyein Kyaw
မြန်မာ-အိန္ဒိယ နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ယနေ့တွင် နေပြည်တော်၌ ကျင်းပသည့် ၂၀၂၅ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ (၆၂)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
၁၉၆၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်ခဲ့သည့် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် သက်တမ်းအရှည်ကြာဆုံး နိုင်ငံတကာ စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်များအနက် တစ်ခုဖြစ်ကြောင်း၊ မိတ်ဖက်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ ဆောင်ရွက်ခဲ့ရာတွင် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာတိုးတက်လာသည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပါသည့် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများပါရှိသည်ကိုလည်း တွေ့ရှိရသောကြောင့် လူ့စွမ်းအား အရင်းအမြစ် တိုးတက်ရေးအတွက် များစွာအထောက်အကူပြုခဲ့ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
မိမိတို့နိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား စီးပွားရေး၊ ခရီးသွားလာရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုနယ်ပယ်များသာမက နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်စေရေး ကြိုပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် မြန်မာနိုင်ငံ၌ သဘာဝဘေးဒဏ် ထိခိုက်ခံစားခဲ့ရသူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ခဲ့ခြင်းများအပေါ် များစွာကျေးဇူးတင်ရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ယခုအစီအစဉ်မှ ဖွင့်လှစ်သင်ကြားပေးခဲ့သော သင်တန်းများတွင် တက်ရောက်အောင် မြင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကျွမ်းကျင်တက်မြောက်လာသည့် အသိပညာ၊ အတတ်ပညာများဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းခွင်များတွင် အထောက်အကူပြု တာဝန်ထမ်းဆောင်လျက်ရှိမည်ဟု ယုံကြည်ကြောင်းနှင့် ယနေ့အထိမ်းအမှတ် အခမ်းအနား၏ အောင်မြင်မှုကို ဂုဏ်ပြုရင်း နောင်လာမည့်နှစ်များတွင်လည်း အောင်မြင်မှုများ ပိုမိုရရှိပါစေဟု ဆုမွန်ကောင်း တောင်းအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူးနှင့် သံရုံးမှတာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။
