၁၉. ၉. ၂၀၂၅
Translated by Thettant
မလေးရှားနိုင်ငံ၊ ဂျိုဟိုဘာရူးမြို့တစ်ဝိုက်ရှိ အနှိပ်နှင့် အကြောပြင်စင်တာ သုံးခုအား အထူးစစ်ဆင်ရေးဖြင့် စစ်ဆေးရာတွင် တွေ့ရှိခဲ့သော လူပုဂ္ဂိုလ် ၁၁၅ ဦးအနက် နိုင်ငံခြားသား အလုပ်သမား ၅၂ ဦးကို လူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ဖမ်းဆီးခဲ့သည်ဟု သိရသည်။
ဖမ်းဆီးခံရသော မာဆတ်လုပ်သား နိုင်ငံခြားသားများမှာ အမျိုးသား ၉ ဦး (အင်ဒိုနီးရှား ၁ ဦး၊ မြန်မာ ၅ ဦး၊ ဘင်္ဂလားဒေ့ရှ် ၂ ဦးနှင့် တရုတ် ၁ ဦး) နှင့် နိုင်ငံခြားသား အမျိုးသမီး ၄၃ ဦး (ထိုင်း ၃၂ ဦး၊ တရုတ် ၈ ဦး၊ မြန်မာ ၁ ဦး၊ ဗီယက်နမ် ၁ ဦးနှင့် လာအို ၁ ဦး) တို့ ပါဝင်ကြောင်း ဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒါတွတ်ခ် ဇာကာရီယာ ရှာဘန်းက ပြောကြားခဲ့သည်။
၎င်းတို့အားလုံးသည် အသက် ၁၉ နှစ်မှ ၅၉ နှစ်ကြားရှိပြီး တရားဝင်အထောက်အထားများမရှိဘဲ အနှိပ်သမားများအဖြစ် အလုပ်လုပ်ကိုင်နေသူများဟု ယူဆရကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် “ဝင်ရောက်စီးနင်းမှုအတွင်း အဆောက်အအုံများ၏ ဂေဟာမှူးဟု ယူဆရသည့် မလေးရှားအမျိုးသား သုံးဦးကိုလည်း ကျွန်ုပ်တို့ ဖမ်းဆီးခဲ့သည်” ဟု ဇာကာရီယာက ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၈ ရက် ညနေ ၆ နာရီတွင် စတင်ခဲ့သော ယင်းစစ်ဆင်ရေးတွင် ပူထရာဂျာယာနှင့် ဂျိုဟိုပြည်နယ်တို့မှ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် ၄၇ ဦး ပါဝင်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေစိုးမိုးရေးဌာန ညွှန်ကြားရေးမှူး Basri Othman က ဦးဆောင်ခဲ့ကြောင်း ဇာကာရီယာက ဆိုသည်။
အဆိုပါ ပူးပေါင်းစစ်ဆင်ရေးကို သတင်းပေးချက်များနှင့် စုဆောင်းရရှိထားသော ထောက်လှမ်းရေးသတင်းများအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
“ထပ်မံစစ်ဆေးကြည့်တဲ့အခါ အဆောက်အအုံတစ်ခုဟာ အနှိပ်နဲ့ အကြောပြင်ဝန်ဆောင်မှုများသာမက ချွေးထုတ်ခန်း (Sauna Room) တွေနဲ့ပါ ဝန်ဆောင်မှု ပေးနေတာကို တွေ့ရှိရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဝန်ဆောင်မှုများ၏ ဈေးနှုန်းသည် ပက်ကေ့ချ်အလိုက် ရင်းဂစ် ၉၂ ရင်းဂစ်မှ ၁၈၀ အကြားရှိပြီး ချွေးထုတ်ခန်း ပက်ကေ့ချ်သည် ရင်းဂစ် ၃၀၀ အထိ ဈေးနှုန်းရှိသည်ဟု ဇာကာရီယာက ဆိုသည်။
ဖမ်းဆီးခံရသူအားလုံးကို ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနှင့် ၁၉၆၃ လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများအရ ပြစ်မှုကျူးလွန်သည်ဟု သံသယဖြင့် ထိန်းသိမ်းထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
၎င်းတို့အားလုံးကို Setia Tropika လူဝင်မှုကြီးကြပ်ရေးဌာနခွဲတွင် ထိန်းသိမ်းထားပြီး စစ်ဆင်ရေးအတွင်း သက်သေထွက်ဆိုနိုင်မည့် မျက်မြင် ၁၅ ဦးကိုလည်း (Immigration Form 29) သက်သေဆင့်ဆိုစာ ၁၅ ခု ထုတ်ပေးခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
Ref, malaymail
