သတိုး
၁၉. ၉. ၂၀၂၅
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ခေတ်သစ်စစ်ပွဲအတွက် ပြင်ဆင်ရန် တိုက်ခိုက်ရေးနှင့် ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ် (Drone) များကို စစ်ဆေးကြီးကြပ်ခဲ့ပြီး ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို “ထိပ်တန်းဦးစားပေး” အဖြစ် သတ်မှတ်ခဲ့ကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ထို့အပြင် မောင်းသူမဲ့ဒရုန်းစနစ်များတွင် ဉာဏ်ရည်တု (AI) ကို အလျှင်အမြန် ပေါင်းစည်းရန် လိုအပ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။

မောင်းသူမဲ့လေယာဉ် နည်းပညာစီမံကိန်း (UATC) ရုံးသို့ သွားရောက်လည်ပတ်စဉ်အတွင်း ကင်ဂျုံအန်သည် “နည်းဗျူဟာမြောက်နှင့် မဟာဗျူဟာမြောက် မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ်များနှင့် ဘက်စုံသုံးမောင်းသူမဲ့လေယာဉ်များ” ၏ စွမ်းဆောင်ရည်စမ်းသပ်မှုများကို ကြီးကြပ်ခဲ့ကြောင်း အာဏာရ ကိုရီးယားအလုပ်သမားပါတီ (Workers’ Party of Korea)၏ နေ့စဉ်သတင်းစာ Rodong Sinmun က သောကြာနေ့တွင် ဖော်ပြခဲ့သည်။
ကြာသပတေးနေ့က ပြုလုပ်သော စမ်းသပ်မှုများသည် ယခုလအစောပိုင်းက မြောက်ကိုရီးယားနိုင်ငံအကြောင်း သတင်းနှင့် သုတေသနအချက်အလက်များကို သီးသန့်တင်ဆက်ပေးနေသည့် အွန်လိုင်းမီဒီယာတစ်ခုဖြစ်သော NK Pro ၏ စုံစမ်းစစ်ဆေးမှုတစ်ခုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းစုံစမ်းစစ်ဆေးမှုအရ မြောက်ကိုရီးယားသည် Panghyon လေတပ်စခန်း၌ စမ်းသပ်မှုများ ပိုမိုလုပ်ဆောင်ခြင်းဖြင့် မောင်းသူမဲ့လေယာဉ်အစီအစဉ်ကို တိုးတက်စေပုံရပြီး မကြာသေးမီလများအတွင်း အနီးအနားတွင် ဖြစ်နိုင်ခြေရှိသော မောင်းသူမဲ့လေယာဉ်စက်ရုံသစ်တစ်ခုကို တည်ဆောက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ နိုင်ငံပိုင်မီဒီယာ၏ ဓာတ်ပုံများအရ နောက်ဆုံးစမ်းသပ်မှုများကိုလည်း Panghyon လေတပ်စခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အဲဒီနေ့က လုပ်ဆောင်ခဲ့တဲ့ စမ်းသပ်မှုတွေဟာ Kumsong အမျိုးအစား နည်းဗျူဟာမြောက် မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်တွေရဲ့ ထူးချွန်တဲ့ တိုက်ခိုက်ရေးစွမ်းရည်အပြင် မဟာဗျူဟာမြောက် မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ်တွေရဲ့ စစ်ရေး-မဟာဗျူဟာတန်ဖိုးနဲ့ ဆန်းသစ်တဲ့စွမ်းဆောင်ရည်တွေကို ရှင်းရှင်းလင်းလင်း ပြသနိုင်ခဲ့ပါတယ်” ဟု သတင်းစာက ဖော်ပြသည်။
၎င်းတို့၏ တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ် (UAV (Unmanned Aerial Vehicle)) အမျိုးအစားကို “Kumsong” ဟူ၍ နိုင်ငံပိုင်မီဒီယာက အမည်ပေးခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပုံရသည်။ ယခင်က ၂၀၂၃ ခုနှစ်တွင် ထုတ်ဖော်ပြသခဲ့သည့် တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ်များကို “Saetbyol-9” နှင့် ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ်များကို “Saetbyol-4” ဟု ရည်ညွှန်းခဲ့ဖူးသည်။
ယခင်မောင်းသူမဲ့လေယာဉ်များသည် အမေရိကန်လုပ် MQ-9 Reaper တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ်နှင့် Global Hawk ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ်တို့၏ ပုံစံတူများ ဖြစ်ပုံရသည်။ မြောက်ကိုရီးယားသည် ထိုအချိန်မှစ၍ Saetbyol-4 ၏ ပိုကြီးသောဗားရှင်းကိုလည်း ထုတ်လုပ်ခဲ့သည်။

ကြာသပတေးနေ့က စမ်းသပ်ခဲ့သော Saetbyol-4 အမျိုးအစား၏ ဓာတ်ပုံများတွင် မတ်လက ကင်ဂျုံအွန် စစ်ဆေးခဲ့သည့် ပုံစံနှင့်တူညီသော လေယာဉ်ကိုယ်ထည်အမှတ်အသားနံပါတ်ပါရှိသော်လည်း နောက်ဆုံးဗားရှင်းတွင် ပင်မအိပ်ဇောပေါက်၏ အပေါ်နှင့် ဘေးဘက်တွင် ပိုမိုသေးငယ်သော လေဝင်ပေါက်များ ထပ်ထည့်ထားသည်ကို ပြသနေသည်။
Korea Institute for National Unification မှ အကြီးတန်းသုတေသီ ဟုန်မင်က “Kumsong” အမှတ်တံဆိပ်သည် ပြီးခဲ့သည့်ဩဂုတ်လက ထုတ်ဖော်ခဲ့သော မြောက်ကိုရီးယား၏ အသေခံမောင်းသူမဲ့လေယာဉ်များကို ရည်ညွှန်းသည်ဟု သုံးသပ်ခဲ့သည်။
“အသေခံဒရုန်း” သို့မဟုတ် “ဘက်စုံသုံးတိုက်ခိုက်ရေး” မောင်းသူမဲ့လေယာဉ်များဟူသော အသုံးအနှုန်းဟောင်းမှ ယခုအခါ “နည်းဗျူဟာမြောက် တိုက်ခိုက်ရေး” UAV များဟု ပြောင်းလဲခေါ်ဝေါ်လာခြင်းနှင့် Saetbyol-4 ကို “မဟာဗျူဟာမြောက်ထောက်လှမ်းရေး” မှ “မဟာဗျူဟာမြောက်နှင့် နည်းဗျူဟာမြောက် ထောက်လှမ်းရေး” စနစ်များအဖြစ် ပြောင်းလဲဖော်ပြခြင်းသည် အမျိုးအစားမော်ဒယ်များကြားတွင် “လုပ်ငန်းခွဲခြားမှု ရှင်းရှင်း လင်းလင်း” ရှိနေကြောင်း မီးမောင်းထိုးပြနေသည်ဟု ၎င်းက NK News သို့ ပြောကြားခဲ့သည်။

“Saetbyeol-4 ဟာ တပ်မအဆင့် ဒါမှမဟုတ် အထက်အတွက် မဟာဗျူဟာမြောက် ဒါမှမဟုတ် နည်းဗျူဟာမြောက် ထောက်လှမ်းရေး UAV အနေနဲ့ ရည်ရွယ်ပုံရပြီး၊ Kumsong တိုက်ခိုက်ရေး UAV တွေကတော့ တပ်ခွဲ၊ တပ်စိတ်အဆင့် အထူးတပ်ဖွဲ့တွေ ဒါမှမဟုတ် စက်ယန္တရားတပ်တွေအတွက်အပြင် တပ်ရင်း ဒါမှမဟုတ် တပ်မဟာအဆင့် ပူးပေါင်းထိုးနှက် တိုက်ခိုက်မှုတွေအတွက် ဒီဇိုင်းထုတ်ထားပုံရပါတယ်” ဟု ၎င်းက ရှင်းပြသည်။
Kumsong အမျိုးအစား အသေခံမောင်းသူမဲ့လေယာဉ်များကို ရုရှား၏ Lancet-3 UAV ပုံစံတူဖြစ်သည့် X-wing မော်ဒယ်နှင့် အစ္စရေး၏ Harop ကို ပုံစံတူပြုထားသည့် Delta-wing လေယာဉ်ဟူ၍ နှစ်မျိုးထုတ်လုပ်ထားသည်။ ဤမောင်းသူမဲ့လေယာဉ်များသည် တောင်ကိုရီးယားအပေါ် မြောက်ကိုရီးယား၏ လေကြောင်းခြိမ်းခြောက်မှုကို သိသိသာသာ မြှင့်တင်ပေးနိုင်သော်လည်း ရုရှားကဲ့သို့ မဟာမိတ်များထံ လက်နက်ရောင်းချမှုကိုလည်း မြှင့်တင်ပေးနိုင်ကြောင်း ကျွမ်းကျင်သူများက NK Pro သို့ ယခင်က ပြောကြားခဲ့ဖူးသည်။
သောကြာနေ့တွင် နိုင်ငံပိုင်မီဒီယာသည် မောင်းသူမဲ့လေယာဉ်များက ပစ်မှတ်များကို အောင်မြင်စွာဖျက်ဆီးနေသည့် ဓာတ်ပုံများနှင့် ပိုမိုကြီးမားသော ထောက်လှမ်းရေးမောင်းသူမဲ့လေယာဉ်သစ်၏ လှုပ်ရှားမှုကိုလည်း ထုတ်ပြန်ခဲ့သည်။ ထိုအချိန်တွင် ကင်ဂျုံအန်နှင့် အုပ်ချုပ်ရေးပါတီ၏ လက်နက်ခဲယမ်းမူဝါဒဆိုင်ရာ အကြီးတန်းအကြံပေးဖြစ်သူ ရီဗြောင်ချိုအပါအဝင် အကြီးတန်းပါတီနှင့် ကာကွယ်ရေးအရာရှိများသည် အနီးနားရှိ စင်ပေါ်မှ ကြည့်ရှုခဲ့ကြသည်။
မြောက်ကိုရီးယားခေါင်းဆောင်သည် စမ်းသပ်မှုရလဒ်အပေါ် “အလွန်ကျေနပ်အားရ” ကြောင်း ပြောကြားခဲ့ပြီး ခေတ်သစ်စစ်ပွဲတွင် မောင်းသူမဲ့လေယာဉ်များ ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာမှုကြောင့် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို “ကျွန်ုပ်တို့၏ လက်နက်ကိုင်တပ်ဖွဲ့များ ခေတ်မီရေးအတွက် ထိပ်တန်းဦးစားပေးလုပ်ငန်း” အဖြစ် အလေးထားပြောကြားခဲ့သည်။
ဤရည်ရွယ်ချက်အတွက်၊ “အသစ်မိတ်ဆက်ထားသော ဉာဏ်ရည်တုနည်းပညာများကို အရှိန်အဟုန်မြှင့်တင်ရန်” နှင့် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်ဆိုသည့် ယခင်က သူပြောကြားခဲ့ဖူးသော တောင်းဆိုမှုများကို ထပ်မံအတည်ပြုရင်း၊ ဤပေါ်ထွက်လာသော နယ်ပယ်ရှိ “အဓိကနည်းပညာများကို အဆင့်မြှင့်တင်ရန်” တောင်းဆိုခဲ့သည်။
ကင်ဂျုံအန်သည် ပြီးခဲ့သည့်နှစ်က သူ့၏ မိုင်းရှင်းဒုံးကျည်လေယာဉ်အသစ်များ ကို စစ်ဆေးကြည့်ရှုပြီးကတည်းက AI ပေါင်းစည်းထားသော UAV များကို ကြိုးပမ်းနေကြောင်း အသံထွက်ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ တိုက်ခိုက်ရေး၊ ထောက်လှမ်းရေးနှင့် အသေခံမောင်းသူမဲ့လေယာဉ်များ ထုတ်လုပ်မှုကို များစွာတိုးမြှင့်ရန်လည်း စိတ်အားထက်သန်နေသည်။

မြောက်ကိုရီးယားသည် ဆယ်စုနှစ်များစွာကြာအောင် UAV ဖွံ့ဖြိုးတိုးတက်မှုကို အဆက်မပြတ်ကြိုးစားခဲ့ပြီး တရုတ်ကဲ့သို့ မိတ်ဆွေနိုင်ငံများမှ ထောက်ပံ့သော မောင်းသူမဲ့လေယာဉ်များကို ပုံစံပြန်ဖော်ခြင်းနှင့် နိုင်ငံခြားမော်ဒယ်များကို ပုံတူကူးခြင်းတို့အပေါ် အဓိကအားဖြင့် အားထားခဲ့သည်။
သို့သော်၊ လွန်ခဲ့သောနှစ်နစ်အတွင်း ကင်ဂျုံအန်သည် မြောက်ကိုရီးယား၏ လေကြောင်းစစ်ဆင်ရေးစွမ်းရည်များကို မြှင့်တင်ရန်နှင့် ရန်သူများထက် များစွာနောက်ကျနေသော စစ်အေးခေတ် လေတပ်ကို ဖြည့်ဆည်းပေးရန်အတွက် မတူညီသော UAV အမျိုးအစားများကို ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အထူးအာရုံစိုက်လာခဲ့သည်။
ပြုံယမ်း၏ UAV ကြိုးပမ်းမှုများသည် ရုရှား၏ ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲနောက်ပိုင်း စစ်မြေပြင်တွင် မောင်းသူမဲ့လေယာဉ်စစ်ဆင်ရေးဆိုင်ရာ သိသာထင်ရှားသော တိုးတက်မှုများ တွေ့ခဲ့ရသည့် လက်ရှိ ရုရှား-ယူကရိန်းစစ်ပွဲမှ မြောက်ကိုရီးယားစစ်သည်များ လက်တွေ့ရရှိထားသော အတွေ့အကြုံများကို အကောင်းဆုံးအသုံးချနိုင်စေမည်ဖြစ်သည်။
ရုရှားမဟာမိတ်များထံမှ ခေတ်မီမောင်းသူမဲ့လေယာဉ်စစ်ဆင်ရေး နည်းဗျူဟာများကို မြောက်ကိုရီးယားစစ်သည်များ သင်ယူနေခြင်းအပြင်၊ မော်စကိုသည် အီရန်၏ Shahed တိုက်ခိုက်ရေးမောင်းသူမဲ့လေယာဉ်များ၏ ပုံတူဗားရှင်းများကို ပြုံယမ်းအား ထုတ်လုပ်ရာတွင် ကူညီနေသည်ဟု ယူကရိန်း၏ စစ်ဘက်ထောက်လှမ်းရေးအကြီးအကဲက ယခင်က စွပ်စွဲခဲ့ဖူးသည်။
မောင်းသူမဲ့လေယာဉ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် မြောက်ကိုရီးယား၏ အလေးပေးမှု တိုးလာသည်ကို မီးမောင်းထိုးပြသည့်အနေဖြင့် ကင်ဂျုံအန်သည် သူ၏ စစ်ဆေးရေးခရီးစဉ်နေ့တွင်ပင် UATC ၏ “နည်းပညာစွမ်းရည်ကို ထပ်မံချဲ့ထွင်အားကောင်းစေရန်” အတွက် စီမံကိန်းစာရွက်စာတမ်းကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြောင်း Rodong Sinmun က ဖော်ပြခဲ့သည်။
ကင်ဂျုံအွန်၏ စစ်ဆေးကြည့်ရှုမှုသည် တောင်ကိုရီးယားကမ်းလွန်တွင် ပြုလုပ်နေသည့် Freedom Edge ပူးတွဲ အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုများနှင့် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ကြား Iron Mace စစ်ရေးလေ့ကျင့်မှုများနှင့်လည်း တိုက်ဆိုင်ခဲ့သည်။ ဟုန်မင်က မောင်းသူမဲ့လေယာဉ်များ၏ တိုက်ခိုက်မှုနှင့် ထောက်လှမ်းရေးစွမ်းရည်များကို သရုပ်ပြခြင်းသည် ပြုံယမ်း၏ ရန်သူများကို ရည်ရွယ်သည့် “အင်အားပြခြင်း” ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။
ထို့အပြင်၊ UATC ချဲ့ထွင်ရေးအစီအစဉ်များကို ကင်ဂျုံအန်က အတည်ပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၏ ဖော်ပြချက်သည် အမျိုးသားကာကွယ်ရေးဖွံ့ဖြိုးရေးစီမံကိန်းအောက်ရှိ အဓိကစစ်ရေးဦးစားပေးများအပေါ် သူ၏ အလေးထားမှုကို မီးမောင်းထိုးပြနေသည်ဟု ကျွမ်းကျင်သူက ဖြည့်စွက်ပြောကြားသည်။
“၂၀၂၅ ခုနှစ်ဟာ ငါးနှစ်တာ ကာကွယ်ရေးဖွံ့ဖြိုးရေးစီမံကိန်းရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့အတွက်၊ ဒါဟာ ကိုရီးယားအလုပ်သမားပါတီရဲ့ နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့မတိုင်ခင် နောက်ဆုံးစစ်ဆေးမှုတစ်ခု ဖြစ်ပုံရပြီး၊ ၂၀၂၆ ပါတီကွန်ဂရက်မှာ နောက်ထပ် ကာကွယ်ရေးဖွံ့ဖြိုးရေးစီမံကိန်းကို မကြေညာမီ အောင်မြင်မှုတွေကို ပြသဖို့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်” ဟု ဟုန်က ပြောသည်။
