၁၉. ၉. ၂၀၂၅
Written by Nay Moe
ရွေးကောက်ပွဲကို အထူးအလေးထား ကြိုဆိုထောက်ခံကြောင်းနှင့် ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေ၊ ဆော့လော်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်က စက်တင်ဘာ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရေး နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များအား ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ချုပ်၊ ဥက္ကဌကြီး သီရီပျံချီ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ထာဝရငြိမ်းချမ်းရေးဒေသ ဦးဆောင်ကော်မတီမှ အထူးအလေးအနက်ထား ကြိုဆိုထောက်ခံအပ်ပါသည်ဟု ဖော်ပြထားသည်။
ထို့အပြင် ပြည်တွင်းမတည်ငြိမ်မှု ပဋိပက္ခများတွင် ပါဝင်လျက်ရှိကြသော လက်နက်ကိုင်အဖွဲ့ အသီးသီး၊ အဖွဲ့အစည်းအသီးသီးတို့သည် တိုက်ပွဲဖော်ဆောင်နေမှုများ အားလုံးရပ်တန့်ပြီး နိုင်ငံတော်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံတော်တစ်ဝန်း ငြိမ်းချမ်းမှုရရှိစေကာ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှ ပြည်သူလူထု ရွေးကောက် တင်မြှောက်သည့် ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရရှိမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်ဟုလည်း ထုတ်ပြန်ချက်က ဆိုသည်။
သို့ပါ၍ မိမိတို့ ယုံကြည်ချက်ကို အခက်အခဲ အကျပ်အတည်းများစွာကြားမှ ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး နိုင်ငံတော်၊ တပ်မတော်အစိုးရ လမ်းညွှန်ဦးဆောင်မှုဖြင့် အစဉ်တစိုက်ခိုင်မာစွာ ရပ်တည်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်သည်။ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲများအား အပြည့်အဝထောက်ခံပါကြောင်းနှင့် မိမိတို့ဒေသ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအား တရားမျှတစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးတို့ကို တပ်မတော်နှင့်တစ်သားတည်း လက်တွဲပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရငြိမ်ချမ်းရေးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်တွင် လာမည့်ရွေးကောက်ပွဲသည် ပြည်သူအများ၏ တည်ငြိမ်အေးချမ်းလုံခြုံသောဘဝကို ဖန်တီးနိုင်ရန် အရေးပါသည်ဟု နားလည်ခံယူထားသဖြင့် ရွေးကောက်ပွဲကို အပြည့်အဝထောက်ခံပြီး အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်စေရန် ကူညီသွားမည်ဟု BGF (နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)) က ထုတ်ပြန်ခဲ့သလို စက်တင်ဘာ ၁၁ ရက်တွင်လည်း လက်ရှိ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်မှ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲသည် နိုင်ငံတော်၏ အနာဂတ်ကိုရှေးရှုပြီး ပြုပြင်ပြောင်းလဲရေးအတွက် ပြည်သူ့ကိုယ်စားလှယ်ရွေးချယ်ခြင်းဖြစ်သဖြင့် ပြည်သူများအား အတတ်နိုင်ဆုံး ဝန်းရံပံ့ပိုး ကူညီသွားမည်ဟု DKBA က ကြေညာခဲ့ပြီးနောက် စက်တင်ဘာ ၁၇ ရက်တွင် ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးအထူးဒေသ မူလ DKBA အဖွဲ့ကလည်း ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ကြမည့် လူ၊ ပုဂ္ဂိုလ်၊ နိုင်ငံရေးပါတီများအား တရားမျှတစွာ ရွေးကောက်ပွဲဝင်နိုင်စေရေးအတွက် တတ်စွမ်းသမျှ ကူညီကာကွယ် စောင့်ရှောက်ပေးသွားမည်ဟု အတိအလင်း ကြေညာခဲ့ကြသည်။
