၁၉.၉.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းဘုရင့်ရေတပ်ဟာ ရေငုပ်သင်္ဘောမှာတပ်ဆင်မယ့် အင်ဂျင်နဲ့ ပတ်သက်လို့ အသေးစိတ် ဖော်ပြချက်နဲ့ပတ်သက်ပြီး အငြင်းပွားရကာ အချိန်အတော်ကြာရပ်တန့်နေခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ တရုတ်နိုင်ငံမှ ရေငုပ်သင်္ဘောဝယ်ယူရေးစီမံချက်ကို ပြန်လည်စတင်ဖို့ တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးကန်ထရိုက်တာတွေ နဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
သဘောတူညီချက်ကို ထိုင်းအစိုးရအဖွဲ့ကလည်း ဩဂုတ်လ ၅ ရက်မှာ အတည်ပြုခဲ့ပါတယ်။ သဘော တူညီချက်သစ်ကို ပေကျင်းမြို့ရှိ China Shipbuilding & Offshore International Co (CSOC) ရုံးချုပ်မှာ စက်တင်ဘာလ ၁၆ ရက်က လက်မှတ်ရေးထိုးခဲ့တာလို့ ထိုင်းဘုရင့်ရေတပ်ရဲ့တရားဝင် လူမှုကွန်ရက် စာမျက်နှာမှာ စက်တင်ဘာလ ၁၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ထိုင်းအစိုးရကိုယ်စား ရေတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျီရာပိုလ် ဝုန်ဝစ်က လက်မှတ် ထိုးခဲ့ပြီး CSOC ၏ အမှုဆောင် ဒုတိယဥက္ကဋ္ဌ လီယူဆွန် က တရုတ်နိုင်ငံဘက်မှ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ပြန်လည်ပြင်ဆင်ထားတဲ့ စာချုပ်အရ ရေတပ်မှ မှာယူထားတဲံ ယွန်အမျိုးအစား S26T ရေငုပ်သင်္ဘောတွေကို သိသိသာသာ ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်နိုင်တယ်လို့ ဗိုလ်ချုပ်ကြီး ဂျီရာပိုလ်က ပြောခဲ့ပါတယ်။ ရောင်းဝယ်မှုမှာ အကျပ်အတည်းဖြစ်ခဲ့ရတဲ့ ပြုပြင်မွမ်းမံမှုက သင်္ဘောတွေမှာ ၂၀၂၁ ခုနှစ်က ဂျာမနီအစိုးရရဲ့ ကန့်သတ်ချက်တွေကြောင့် အသုံးပြု တင်ပို့မရနိုင်တော့တဲ့ ဂျာမန်လုပ် MTU396 ဒီဇယ်အင်ဂျင်နေရာအစား တရုတ်လုပ် CHD620 ဒီဇယ်အင်ဂျင်ကို တပ်ဆင်ခဲ့ရတာဖြစ်ပါတယ်။
ပြန်လည်ပြင်ဆင်ထားတဲ့ စာချုပ်အရ ရေငုပ်သင်္ဘောကိုတည်ဆောက်မှု ပြီးစီးမယ့်နောက်ဆုံးရက်ကို မူလသတ်မှတ်ချိန်မှ ၁,၂၁၇ ရက် ဒါမှမဟုတ် လ ၄၀ ခန့် သက်တမ်းတိုးစေမှာဖြစ်ပါတယ်။ ပထမဆုံး ရေငုပ်သင်္ဘောကို ၂၀၂၈ ခုနှစ်နှောင်းပိုင်းမှာ ပို့ဆောင်နိုင်ဖို့ စီစဉ်ထားပါတယ်။
ဝယ်ယူရေးစာချုပ်ကို မူလက ဘတ် ၁၃ ဒသမ ၅ ဘီလျံနဲ့ ၂၀၁၇ ခုနှစ်မှာ အစိုးရချင်းကြား သဘောတူညီချက်အဖြစ် ချုပ်ဆိုခဲ့တာပါ။
Ref -Bangkok Post
