၁၉.၉.၂၀၂၅
Written by Hey Mar
သူငယ်ချင်းတွေနဲ့အတူ မိုးရေချိုးရင်း၊ မိုးတိတ်ချိန် ချောင်းထဲရေဆင်းကူးကြရာက အသက် ၈ နှစ်အရွယ် Grade -2 ကျောင်းသားငယ် ရေထဲမြောပါ သေဆုံးမှု ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် မနေ့က စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ်အပိုင်မှာ ဖြစ်ပွားခဲ့ပြီး ဒီနေ့ ၁၉ ရက်နေ့ ညနေပိုင်းမှာ ရုပ်အလောင်းပြန်တွေ့ခဲ့တယ်လို့ နယ်မြေခံလူမှုကရုဏာရှင် လူမှုကယ်ဆယ်ရေးအသင်းထံကနေ သိရပါတယ်။
ကလေးက ဇေယျာသီရိမြို့နယ်၊ အိုင်စောက်ရွာက ဖြစ်ပြီး ညနေ့ ကျောင်းဆင်းချိန် သူငယ်ချင်းတွေနဲ့ မိုးရေချိုးရင်း မိုးစဲသွားချိန် ရွာဘေးရှိချောင်းထဲမှာ ရေဆင်းကူးကြရာက သေဆုံးသူ သားငယ်မှာ ချောင်းရေနဲ့အတူ မျောပါသွားခဲ့တယ်လို့ သိရပါတယ်။ အတူရေဆင်းကူးကြတဲ့ အပေါင်းအဖော်တွေက သူတို့ကို နောက်ပြောင်ကျီစယ်နေတယ်ထင်ပြီး အိမ်ကိုပြန်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။





ညအချိန်ထိ အဆိုပါ သားငယ် ပြန်မလာတော့မှ မိဘတွေနဲ့ ရွာသားတွေက ရွာထဲလိုက်ရှာကြရင်း အတူရေချိုးကြတဲ့အပေါင်းအဖော်တွေဆီကနေ ရေထဲပါသွားကြောင်း သိလိုက်ကြရတယ်လို့ ဆိုပါတယ်။
ရွာသူရွာသားတွေ ညချင်း ဝိုင်းဝန်းရှာဖွေကြရာ မနက်မိုးလင်းအထိ ရှာကြပေမယ့် မတွေ့ကြဘဲ နေ့လယ် ၂ နာရီအချိန်လောက်မှာ ရွာလူကြီးက လူမှုကရုဏာရှင် လူမှုကယ်ဆယ်ရေးအသင်းထံ ဖုန်းဆက်အကူညီတောင်းခံလာတာ ကြောင့် ရေအနက် ၇ ပေ ရှိတဲ့ ချောင်းထဲ စက်လှေနဲ့ ကူညီစတင်ရှာဖွေခဲ့ရာ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်မှာ ဝဲကြီးရွာထိပ်က ကင်းတာဆည်ဘောင်မှာ ကလေးငယ်ရဲ့ DB ကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် ရပ်ရွာနဲ့ မိသားစုထံ အပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။
