▪️ ဆန္ဒပြပွဲများက သမ္မတ မက်ခရွန် အစိုးရ၏ ခြိုးခြံချွေတာရေးအစီအစဉ်အရ အသုံးစရိတ်လျှော့ချမှုကို ဆန့်ကျင်
၁၉.၉.၂၀၂၅
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံ အလုပ်သမားသမဂ္ဂများက ပြင်သစ်အစိုးရ၏ ရသုံးမှန်းခြေငွေစာရင်းတွင် လူမှုဖူလုံရေး အသုံးစရိတ်များနှင့် လစာနည်း အလုပ်သမားများအတွက် ဆောင်ရွက်မှုများအတွက် ကုန်ကျစရိတ်များကို ဖြတ်တောက်အတည်ပြုခဲ့ကြောင်း ပြောကြားကြကာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုရပ်တန့်ပြီး လမ်းများကိုလည်း ပိတ်ဆို့ကာ ဆန္ဒပြပွဲများကို နိုင်ငံတစ်ဝန်း၌ စက်တင်ဘာလ ၁၈ ရက်က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆန္ဒပြသမားများက သယ်ယူပို့ဆောင်ရေးကွန်ရက်များကို နှောင့်ယှက်ပျက်ပြားစေခဲ့ကာ ပြင်သစ်နိုင်ငံ တစ်ဝန်း စက်တင်ဘာလ ၁၈ ရက်က ပိတ်ဆို့မှုများဖြစ်စေခဲ့ရာ သမ္မတ အင်မာနျူရယ်လ် မက်ခရွန် အစိုးရ၏ ပြည်သူများအတွက် ကုန်ကျစရိတ်ကို သိသိသာသာလျှော့ချရန်အစီအစဉ်အား ဆန့်ကျင်သည့် အင်အားစုကြီးတစ်ရပ်လည်းဖြစ်ခဲ့သည်။
အဆိုပါလုပ်ရပ်က ပါရီမြို့တွင်း ရထားလမ်းများ၊ ဒေသဆိုင်ရာ ရထားလမ်းများနှင့် အဓိကလမ်းများကို ပစ်မှတ်ထားခဲ့ပြီး ဆန္ဒပြမှုများသည် မြို့ကြီးများမှ မြို့ငယ်များသို့တိုင်အောင် ပျံ့နှံ့သွားခဲ့သည်။ ပါရီနှင့် မာဆေးလ်မြို့များတွင် ခွင့်ပြုချက်မရှိဘဲပြုလုပ်သော ဆန္ဒပြမှုများကို အစောပိုင်းတွင် ရဲများက မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲခဲ့သည်။
ဆန္ဒပြပွဲများတွင် ရသုံးမှန်းခြေငွေစာရင်း အသုံးစရိတ်၌ အစိုးရက အဆိုပြုထားသော အသုံးစရိတ် ဖြတ်တောက်မှု၊ လူမှုဖူလုံရေးစရိတ် ရပ်ဆိုင်းမှုနှင့် အခြားအစီအမံများကို အဓိက အလုပ်သမားသမဂ္ဂများက တောင်းဆိုခဲ့သည်။ ထိုခြိုးခြံချွေတာရေးအစီအစဉ်က အလားတူပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရင်း ပြုတ်ကျသွားခဲ့ကြသော အရင်အစိုးရများလက်ထက်ကလိုပင် စီးပွားရေးထိခိုက်မှုကို ပိုမိုနက်ရှိုင်းစေမည်ဟု အလုပ်သမားသမဂ္ဂများက ငြင်းခုန်ခဲ့ကြသည်။
ဆန္ဒပြမှုများက ပြီးခဲ့သည့် ရက်သတ္တပတ်က ခန့်အပ်ခံရသော ဝန်ကြီးချုပ်သစ် ဆာဘီစတိန်း လီကောနူအတွက် အရေးကြီးသော စမ်းသပ်မှုတစ်ခုသဖွယ်ဖြစ်ခဲ့သည်။ ၎င်းအား ပြင်သစ်၏ လိုငွေပြမှုနှင့် ကြွေးမြီများ တိုးပွားလာမှုကို လျှော့ချရန် ပါလီမန်မှတစ်ဆင့်ဖြတ်တောက်မှုများကို ဦးဆောင်လမ်းပြရန် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ပါရီတွင် အရုဏ်မတက်မီကပင် ရုန်းရင်းဆန်ခတ်ဖြစ်မှုများနှင့်အတူ နိုင်ငံတစ်ဝန်း၌ ရဲတပ်ဖွဲ့ဝင် ၈၀,၀၀၀ ခန့်ကို ရဲတပ်ဖွဲ့က ဖြန့်ချထားခဲ့သည်။
စက်တင်ဘာလ ၁၈ ရက်က ဆန္ဒပြမှုများပြုလုပ်နေစဉ် မြန်နှုန်းမြင့်ရထားများက အများအပြားပြေးဆွဲလျက်ရှိကြသော်လည် ဒေသတွင်းဝန်ဆောင်မှုများနှင့် ပါရီမြို့တွင်းပို့ဆောင်ရေးလုပ်ငန်းများ သိသိသာသာ အနှောင့်အယှက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ ဥရောပသမဂ္ဂ၏ ဒုတိယအကြီးဆုံးစီးပွားရေးလည်းဖြစ်သည့် ပြင်သစ်နိုင်ငံအတွင်း စာသင်ကျောင်းများ၊ စက်ရုံများနှင့် အခြားကဏ္ဍများကိုပါ ထိခိုက်စေခဲ့သည်။ လေကြောင်းထိန်းချုပ်ရေးမှူးများက ၎င်းတို့၏ကိုယ်ပိုင်သပိတ်ပြုလုပ်ရန်အတွက် ကို ရွှေ့ဆိုင်းခဲ့ပြီးနောက် လေဆိပ်များတွင်မူ အနည်းငယ်နှောင့်နှေးမှုများသာ ရှိခဲ့သည်။
ဝန်ကြီးချုပ်သစ်လီကောနူ မတိုင်မီက ယခင်ဝန်ကြီးချုပ်ဟောင်းဖရန်ကွိုက်စ်ဘေမှာလည်း ၂၀၂၆ ခုနှစ် ရသုံးမှန်းခြေငွေစာရင်းတွင် ယူရို ၄၄ ဘီလျံ (ဒေါ်လာ ၅၂ ဘီလျံ) ဖြတ်တောက်ရန် ၎င်းက စီစဉ်ခဲ့အပြီးတွင် ပါလီမန်၌ အယုံအကြည်မရှိအဆိုတင်သွင်းခံရကာ ရှုံးနိမ့်ပြီး လွန်ခဲ့သည့်အပတ်က ဖြုတ်ချခံခဲ့ရသည်။
အလုပ်သမားသမဂ္ဂများက အငြိမ်းစားယူသည့်အသက်ကို ၆၂ နှစ်မှ ၆၄ နှစ်အထိ မြှင့်တင်ထားသည့် သမ္မတ မက်ခရွန်၏ လူကြိုက်နည်းလှသော ၂၀၂၃ ခုနှစ် အငြိမ်းစားလစာ ပြုပြင်ပြောင်းလဲမှုကို ဆက်လက်ရှုတ်ချခဲ့ကြသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကပင် စတင်ခဲ့သော “Block Everything” ဆန္ဒပြလှုပ်ရှားမှုက ပြင်သစ်နိုင်ငံတစ်ဝန်း အတားအဆီးများဖြင့် ပိတ်ဆို့ခံခဲ့ရကာ နိုင်ငံတစ်ဝန်း မျက်ရည်ယိုဗုံးများနှင့် မီးလောင်လွယ်သောအမှိုက်သရိုက်များမှသည် လမ်းများတွင်ပါ မီးရှို့ဖျက်ဆီးမှုများကို တွေ့ ခဲ့ရသည်။
Ref-AFP




