၁၈. ၉. ၂၀၂၅
Written by Nyein Kyaw
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ် တက်ရောက်ခဲ့သော နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နန်နင်းမြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာကြရာ ကွမ်ရှီးဒေသ CPC ပါတီ ဒုတိယအတွင်းရေးမှူး Mr.Wang Weiping ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ၊ တာဝန်ရှိသူများနှင့် ယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် နန်နင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော်တပ်မတော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ယမန်နေ့ ညနေပိုင်းကလည်း နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နန်နင်းမြို့ရှိ တရုတ်-အာဆီယံ AI နည်းပညာဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာသို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက စင်တာအတွင်းရှိ AI ဖြင့် ပြုလုပ်ထားသည့် CAAIC သမိုင်းကြောင်း Video ၊ Al ၏ စွမ်းရည်မြင့်မားလာမှုများ၊ AI ဖြင့် အာဆီယံနိုင်ငံများအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နေမှု၊ AI ဖြင့် လူမှုဆက်ဆံရေး၊ ဆေးဘက်ဆိုင်ရာ ကုသရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများတွင် အကောင်အထည်ဖော်အသုံးပြုနေမှု၊ AI ဖြင့် Super League ပြိုင်ပွဲနှင့် ဖိုရမ်တွင် အသုံးပြုခဲ့သည့် ပစ္စည်းများ ၊ တရုတ်-အာဆီယံနှင့် ပတ်သက်သည့် Data Zone၊ လုံခြုံရေးဆိုင်ရာ Service ပေးသည့် Zone တို့ကို လိုက်လံရှင်းလင်းပြသရာ နိုင်ငံတော်ဝန်ကြီးချုပ်က ကြည့်ရှုလေ့လာပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံ မှုထိပ်သီးဖိုရမ် တက်ရောက်ရန် စက်တင်ဘာ ၁၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ CPC ပါတီအတွင်းရေးမှူး မစ္စတာချန်ကန်းနှင့် တွေ့ဆုံဆွေးနွေးမှု၊ နန်နင်းမြို့ မြန်မာစီးပွားရေးကိုယ်စားလှယ်ရုံး၌ ကျင်းပသည့် မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို တက်ရောက်အမှာစကား ပြောကြားခြင်း၊ တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည်။
