၁၈.၉.၂၀၂၅
Written By Thandar
Canal + ရဲ့ ကိုယ်ပိုင်ဖန်တီးထားတဲ့ လေးပွင့်ဆိုင်အပြင်းစား ဒရာမာဇာတ်လမ်းပုံစံ “အရှုံးမဲ့ အနိုင်” ရုပ်သံဇာတ်လမ်းတွဲ စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ စက်တင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ZEALAX Hotel မှာ ကျင်းပခဲ့ပါတယ်။
“ဒီ အရှုံးမဲ့အနိုင်ဇာတ်လမ်းတွဲက မုံရဲ့ ပထမဦးဆုံး Canal Plus နဲ့ စတင် လက်တွဲရိုက်ဖူးတဲ့ကားလည်းဖြစ်တယ်။ မို့တို့ ကိုစိုင်းစည်၊ ချာလီရယ် ဆုထက်နဲ့ လေးယောက်ပါဝင်ထားကြတဲ့ လေးပွင့်ဆိုင် အပြင်းစားဒရာမာဇာတ်လမ်းပုံစံပါ။ ယုမေရီဆိုတဲ့ စာတော်ပြီး နည်းနည်းဆင်း ဆင်းရဲတဲ့ ကျောင်းသူလေးတစ်ယောက်ပေါ့နော်။ လာမယ့် ၂၂ ရက်နေ့မှာ ထုတ်လွှင့်ရင်လည်း ကြည့်ရှုဝေဖန်အားပေးကြဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ဝင့်ယမုံနိုင်က ပြောပါတယ်။






Bonanza production ရဲ့ အဆိုပါ ဇာတ်လမ်းတွဲမှာ ဇာတ်လမ်း EVREN၊ ဇာတ်ညွှန်း ဟေမာန်ဟိဏ်း၊ အေးမြတ်ချို၊ စုလင်းလက်တို့က ရေးသားပြီး တွဲဖက်ဒါရိုက်တာ မေဘရဏီ၊ ဒါရိုက်တာ နိုရာကိုက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ စိုင်းစည်တွမ်ခမ်း၊ ချာလီ၊ ဝင့်ယမုံနိုင်၊ ဆုထက်၊ သံစဥ်ဆည်းဆာနဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ် ဆောင်ထားကြပါတယ် ။
အပိုင်း ၃၀ ပါဝင်မယ့်“အရှုံးမဲ့ အနိုင်” ဇာတ်လမ်းတွဲကို လာမယ့် စက်တင်ဘာ ၂၂ ရက်နေ့မှစပြီး အပတ်စဥ် တနင်္လာကနေ သောကြာနေ့အထိ ည ၇ နာရီအချိန်မှာ CANAL+ ZAT LENN ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။
