◾️ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေသည့်အချိန်တွင် တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် အရာရာကို စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် အမှားအမှန်ကို ခွဲခြားသိရှိပြီး နိုင်ငံနှင့်လူမျိုး ကောင်းကျိုးများကို သယ်ပိုးရွက်ဆောင်နိုင်ကြရန် အရေးကြီးကြောင်း ယာယီသမ္မတ ပြောကြား
၁၈. ၉. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထားဝယ်မြို့တော်ခန်းမဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့ပြီး ထားဝယ်မြို့နယ်အတွင်းမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ ၆ ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူတစ်ဦးတို့အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ အဆောက်အဦသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပြီး ထားဝယ်မြို့၊ မြို့တော်ခန်းမ အဆောက်အဦသစ်အား စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးခဲ့ပြီးနောက် ယာယီသမ္မတနှင့် အဖွဲ့ဝင်များက ထားဝယ်မြို့၊ မြို့တော်ခန်းမ အဆောက်အဦသစ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
အဆိုပါ ထားဝယ်မြို့တော်ခန်းမအား ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၂ ခုနှစ်တွင် ထားဝယ်မြို့သို့ လာရောက်ခဲ့သည့်ခရီးစဉ်အတွင်း ထားဝယ်မြို့၌ လိုအပ်လျက်ရှိသည့် မြို့တော်ခန်းမကို တည်ဆောက်ရန်ခွင့်ပြုဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စတုရန်း ပေ ၄၀၃၆၄ ရှိကာ ၁ ထပ်ခွဲ RCC အဆောက်အဦ အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအဖြစ် ထားဝယ်မြို့၊ မြို့တော်ခန်းမ အဆောက်အဦသစ်အတွင်း၌ ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပညာရည်ချွန်ဆု ချီးမြှင့်ရခြင်းနှင့် ပညာရေးကဏ္ဍကို အလေးပေးမြှင့်တင် ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်နှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဆိုပါနိုင်ငံတွင်ရှိသည့် ပြည်သူတစ်ဦးချင်းစီသည် အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်ဗဟုသုတ ပြည့်ဝကြရန်လိုကြောင်း၊ အထူးသဖြင့်မိမိတို့ နိုင်ငံကဲ့သို့ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနေသည့်အချိန်တွင် တိုင်းရင်းသားပြည်သူ အားလုံးအနေဖြင့် အရာရာကို စဉ်းစားတွေး ခေါ်နိုင်စွမ်းနှင့် အမှားအမှန်ကို ခွဲခြားသိရှိပြီး နိုင်ငံနှင့်လူမျိုး ကောင်းကျိုးများကို သယ်ပိုးရွက်ဆောင်နိုင်ကြရန် အရေးကြီးကြောင်း၊ ထိုသို့အဖက်ဖက်မှ ပြည့်စုံရန်အတွက် နိုင်ငံသားတိုင်း ပညာတတ်ရန် အဓိကကျကြောင်း ယာယီသမ္မတက ပြောကြားသည်။

ထို့ကြောင့်လည်း နိုင်ငံတော်ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ပညာရေးကိုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်ကို ချမှတ်ထားကြောင်း၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ နိုင်ငံတော်အနေဖြင့် ပညာရေးကို မြှင့်တင်ပေးနေသကဲ့သို့ ထူးချွန်ထက်မြက်သည့် လူရည်ချွန်များ၊ တက္ကသိုလ်ဝင်တန်းတွင် ထူးထူးချွန်ချွန် အောင်မြင်ကြသူများကို နှစ်စဉ်ထိုက်ထိုက်တန်တန် ချီးမြှင့်ဂုဏ်ပြုပေးလျက်ရှိကြောင်း၊ ယခုအခမ်းအနားတွင် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မမြတ်ရတနာသင်းကို ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
၂၀၂၁ ခုနှစ်မှစပြီး တနင်္သာရီတိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်တန်း အောင်ချက်များကိုကြည့်ပါက ၂၀၂၁ ခုနှစ်တွင် ၄၅ ဒသမ ၉၅ ရာခိုင်နှုန်း ၊ ၂၀၂၂-၂၃ ပညာသင်နှစ်တွင် ၆၈ ဒသမ ၀၃ ရာခိုင်နှုန်း၊ ၂၀၂၃-၂၄ ခုနှစ်တွင် ၄၈ ဒသမ ၃၈ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ ယခု ၂၀၂၄-၂၅ ပညာသင်နှစ်တွင် ၅၀ ဒသမ ၅၈ ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယခင်နှစ်ကထက် အောင်မြင်မှုရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့သည်ကို တွေ့ရှိရကြောင်း ယာယီသမ္မတက ပြောကြားသည်။

ဂုဏ်ထူးရရှိမှုများအနေဖြင့် (၄) နှစ်တာကာလအတွင်း ၆ ဘာသာ ဂုဏ်ထူးရှင် (၂၃)ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် (၆၂)ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင်(၁၁၀)၊ ၃ ဂုဏ်ထူးရှင်(၁၆၄)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၄၂၀)ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် (၁၆၆၃) ဦးရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် (၄)နှစ်တာကာလအတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဆင့်(၁)တစ်ဦးရရှိခဲ့သည်ကို တွေ့ရကြောင်း၊ ယခုကဲ့သို့ပညာရေးကဏ္ဍ ပိုမိုတိုးတက်လာခြင်းသည် မိဘဆရာများ၏ စေတနာနှင့်ဝတ္တရား ကျေပွန်စွာပူးပေါင်းဆောင်ရွက်မှုအပြင် ကျောင်းသားကျောင်းသူ များ၏ ကြိုးစားအားထုတ်မှုတို့ကြောင့်ပင်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
