◾️ ဖိလစ်ပိုင်သမ္မတ မားကို့စ်၏ရုပ်ပုံကို ဆန္ဒပြသူများက ရွှံ့ခဲများဖြင့် ပစ်ပေါက်ဆန္ဒပြ
၁၈.၉.၂၀၂၅
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံမှာ အစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုတွေ ပြုလုပ်နေတာကို ဆန့်ကျင်တဲ့ အနေနဲ့ မာနီဘီလာ(Manibela)သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းက သပိတ်မှောက်ဆန္ဒပြမှုကို စက်တင်ဘာလ ၁၇ ရက်မှာ စတင်ခဲ့တဲ့ပြီးနောက် နောက်ထပ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ပစ္စတန် ကလည်း သူတို့အုပ်စုရဲ့ အကျင့်ပျက်ခြစားမှုတွေကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲကို မနီလာစီးတီးမှာ စက်တင်ဘာလ ၁၈ ရက်က ထပ်မံကျင်းပခဲ့ကြပါတယ်။

ပစ္စတန်အဖွဲ့ရဲ့ ဆန္ဒပြပွဲကို စက်တင်ဘာလ ၁၈ ရက်နံနက်ခင်းမှာ အီး ရိုဒရီဂွက်ဇ် စီနီယာ လမ်းမကြီး (E. Rodriguez Sr. Avenue) တစ်လျှောက် စတင်ပြုလုပ်ခဲ့ကြတာပါ။
ဆန္ဒပြသမားတွေရဲ့ အဓိကတောင်းဆိုချက်ကတော့ အခြေခံအဆောက်အအုံစီမံကိန်းတွေမှာ မူမမှန် လာဘ်စားပြီး အကျင့်ပျက်ခြစားတယ်လို့ အတည်ပြုနိုင်တဲ့ အစိုးရအရာရှိတွေအားလုံးကိုဖယ်ရှားပေးဖို့ပါပဲ။
ဆန္ဒပြပွဲမှာ လက်ရှိသမ္မတ မားကို့စ် ဂျူနီယာရဲ့ ပုံနဲ့ ပြည်သူ့ဝန်ထမ်းနဲ့ အဝေးပြေးလမ်းများဆိုင်ရာ ဝန်ကြီးဟောင်းဖြစ်တဲ့ မန်နီ ဘာနွန် တို့ရဲ့ပုံတွေကို မနီလာစီတီး၊ မန်ဒီအိုလာလမ်းပေါ်မှာ ပစ္စတန်အုပ်စုရဲ့ ဆန္ဒပြသမားတွေက ရွှံ့လုံးတွေနဲ့ပစ်ပေါက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိသမ္မတ မားကို့စ် ဂျူနီယာရဲ့ဖခင် သမ္မတဟောင်း ဖာဒီနန်မားကိုစ် စီနီယာ လက်ထက်က ၁၉၇၂ ခုနှစ် စစ်အုပ်ချုပ်ရေးကြေညာတဲ့နေ့ဖြစ်တဲ့ စက်တင်ဘာလ ၂၁ ရက်မှာတော့ နှစ်စဉ်ကျင်းပနေကြ လူစုလူဝေးဆန္ဒပြပွဲကြီးကို ဒီနှစ်မှာ ပိုမိုခမ်းနားကြီးကျယ်စွာ ပြုလုပ်သွားဖို့ ပစ္စတန် က စီစဉ်ထားပြီး အခုကတည်းက ပြည်သူလူထုကို ပူးပေါင်းပါဝင်ကြဖို့ လိုက်လံဖိတ်ခေါ်နေတာ တွေ့ရပါတယ်။
