၁၈. ၉. ၂၀၂၅
Translated by Thettant
မနက်ဖြန် စက်တင်ဘာ ၁၉ ရက်တွင် မြန်မာ့ရွေးကောက်ပွဲအရေးအတွက် လာရောက်ဆွေးနွေးရန် ကနဦးစီစဉ်ထားသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မြန်မာခရီးစဉ်ကို အောက်တိုဘာလသို့ ရွှေ့ဆိုင်းလိုက်ပြီဖြစ်သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် (Mohamad Hasan) က မည်သည့်အတွက်ကြောင့် ရွှေ့ဆိုင်းရသည်ကို အကြောင်းပြချက်မပေးဘဲ ခရီးစဉ်ကို အောက်တိုဘာလသို့ ရွှေ့ဆိုင်းလိုက်ကြောင်းသာ ပြောကြားခဲ့သည်ဟု Nikkei Asia သတင်းဌာနက ဖော်ပြခဲ့သည်။
မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဒါတွတ် ဆရီ မိုဟာမက် ဟာဆန်သည် ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို လာရောက်မည်ဖြစ်သည်ဟု ဩဂုတ် ၈ ရက်က ကျင်းပခဲ့သည့် ၅၈ ကြိမ်မြောက် အာဆီယံနေ့ အခမ်းအနားတွင် ပြောကြားခဲ့ပြီး ထိုခရီးစဉ်မှာ အရေးပေါ်အခြေအနေကာလ ပြီးဆုံးပြီးနောက် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးအသစ်နှင့်ပတ်သက်ပြီး ရှင်းလင်းပြတ်သားသည့် ပုံရိပ်ရရှိရန် ခရီးစဉ်ကို စီစဉ်ခြင်းဖြစ်ကြောင်း ဟာဆန်က”ဒါကို ကျွန်တော် လေ့လာချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ဒါကြောင့် သူတို့ဟာ သူတို့ရဲ့ဖွဲစည်းပုံအခြေခံဥပဒေနဲ့အညီ အရေးပေါ်အခြေအနေကို ရုပ်သိမ်းခဲ့တာ ဒါမှမဟုတ် သက်တမ်းတိုးခြင်း မရှိခဲ့တာပါ။ ဒါကြောင့် သူတိုရဲ့ရွေးကောက်ပွဲဟာ ဘက်စုံပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်မဖြစ်ကို သူတို့နဲ့ ဆွေးနွေးချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါ ၅၈ ကြိမ်မြောက် အာဆီယံနေ့အခမ်းအနား၌ မလေးရှား ဝန်ကြီးချုပ် ဒါတက် ဆရီ အန်ဝါ အီဘရာဟင်ကလည်း အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးအတွက် တိုးတက်မှုအချို့ ရှိနေပြီဖြစ်ကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။
“ကျွန်တော် နားလည်ထားသလောက်တော့ ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ မြန်မာနိုင်ငံကို မကြာမီ သွားရောက်မှာပါ။ ဒီခရီးစဉ်က သူတို့ကို အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေကို အဆုံးသတ်ပြီး သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ တွန်းအားပေးဖို့ ဖြစ်ပါတယ်” ဟုလည်း အန်ဝါက ပြောကြားခဲ့သည်။
Ref, Nikkei & The Star
