
၁၈. ၉. ၂၀၂၅
Written by Nyein Kyaw
ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ကျစေရန်နှင့် ပြည်တွင်းစားသုံးဆီဖူလုံရေး အကောင်အထည်ဖော်နိုင်ရန် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀ မတည်ပေးထားကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ယမန်နေ့က ပြုလုပ်သည့် MSME ရန်ပုံငွေထူထောင်ထားရှိမှု၊ ချေးငွေလျှောက်ထားမှုများအား စိစစ်ထုတ်ချေးမှုအခြေအနေနှင့် ဆန်စက်၊ ဆီစက်ချေးငွေထုတ်ချေးမှုလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲတွင် ပြောကြားသည်။
MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မတည်ထောက်ပံ့ငွေ ကျပ်ဘီလျံ ၁၇၀ ကို ထူထောင်ထားရှိပြီး ယင်းမတည်ထောက်ပံ့ငွေအနက် ကျပ်ဘီလျံ ၂၀ ကို MSME ဖွံ့ဖြိုးတိုးတက်ရေးအကူအညီအထောက်အပံ့အဖြစ်လည်းကောင်း၊ ကျပ်ဘီလျံ ၁၅၀ ကို ချေးငွေထုတ်ချေးနိုင်ရေးအတွက်လည်းကောင်း သုံးစွဲရန်လျာထားကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
MSME လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ထုတ်ပြန်ခဲ့ပြီး MSME လုပ်ငန်းရှင်များက ချေးငွေကို နိုင်ငံပိုင်ဘဏ်များဖြစ်ကြသည့် မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်များအပြင် ပုဂ္ဂလိကဘဏ် ၁၆ ဘဏ်တွင် ချေးငွေများ လျှောက်ထားနိုင်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ကျစေရန်နှင့် ပြည်တွင်းစားသုံးဆီ ဖူလုံရေးကို အကောင်အထည်ဖော်ရန် ဆီစက်များတပ်ဆင်ထုတ်လုပ်နိုင်ရေးနှင့် လက်ရှိဆီစက်များ တိုးချဲ့အဆင့်မြှင့်တင်ရေးအတွက် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားပြီး ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀ ကို မတည်ပေးခဲ့ကြောင်း၊ လက်ရှိအချိန်ထိ ချေးငွေစံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ဆီစက်လုပ်ငန်းရှင်များကို ထုတ်ချေးပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
