၁၈. ၉. ၂၀၂၅
Written by Nyein Kyaw
တိရစ္ဆာန်အစာအဖြစ် အသုံးပြုနေသည့် ကြိတ်ဖတ်များ ဈေးနှုန်းမြင့်တက်မှုကြောင့် မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် ကြိတ်ဖတ်များကို ပြည်ပမှတင်သွင်းရန် တောင်းဆိုလာနိုင်သဖြင့် ပြည်တွင်းဆီစက်များ ကြိတ်ဖတ်များကို ဈေးနှုန်းဆွဲတင်ခြင်းနှင့် သိုလှောင်ထားမှုများ မပြုလုပ်ရန် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ သတိပေးထုတ်ပြန်ထားသည်။
ပြည်တွင်းဆီစက်များမှ ထွက်ရှိသည့် (ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ မုံညင်းဖတ်၊ ပန်းနှမ်းဖတ်၊ ပဲပုတ်ဖတ်) များကို တိရစ္ဆာန်အစာအဖြစ် အဓိကအသုံးပြုပြီး ပြည်တွင်းမွေးမြူရေးလုပ်ငန်းများက အဓိက ဝယ်ယူနေခြင်းဖြစ်သည်။
အဆိုပါ ကြိတ်ဖတ်များ လုံလောက်စွာမထုတ်လုပ်နိုင်ခြင်း၊ ဝယ်ယူရန်ခက်ခဲလာပါက အဆိုပါ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှ ကြိတ်ဖတ်များကို တင်သွင်းရန် တောင်းဆိုမှုများလည်း ရှိလာနိုင်ကြောင်း၊ လက်ရှိတွင်လည်း ပြည်ပမှ ပဲပုတ်များကို တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။
အထက်ပါအခြေအနေများ၌ပင် ပြည်တွင်းဆီစက်များမှ ထွက်ရှိသည့် ကြိတ်ဖတ်များသည် ယခင်က တစ်ပိဿာ ကျပ် ၄,၀၀၀ သာရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၆,၀၀၀ အထိ မြင့်တက်လျက်ရှိသည့်အပြင် ဝယ်ယူရန်လည်း အခက်အခဲများရှိနေသဖြင့် အသင်းအနေဖြင့် အသင်းသူအသင်းသားများကို ဈေးနှုန်းကြီးမြင့်အောင်နှင့် မလိုအပ်ဘဲ သိုလှောင်မထားရန် သတိပေးနှိုးဆော်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က မထုတ်လုပ်နိုင်ရင်၊ လုံလောက်အောင် မထုတ်နိုင်ရင် သူတို့က နိုင်ငံခြားတင်သွင်းခွင့်ကို တောင်းဆိုမယ်။ တောင်းဆိုလိုက်ရင် ပြည်တွင်းက စက်ပိုင်တွေက မရောင်းရတော့ဘူး။ သူတို့တောင်းဆိုမှုအတိုင်း တင်သွင်းမှုလုပ်လိုက်တာနဲ့ စောစောကပြောတဲ့ ၄၀၀၀ ဈေးကို ရောက်သွားမယ်။ ဒါကြောင့်မို့ ဒီဈေးတန်းပတ်ဝန်းကျင်မှာ တကယ့်မှန်မှန်ကန်ကန် ရောင်းချပေးဖို့ပေါ့။ ဒါကိုဈေးဆွဲတင်တာ၊ မရောင်းဘဲနဲ့ ကိုင်ထားတာတို့၊ တန်ချိန်များစွာ သိုလှောင်ထားတာကို မလုပ်ဖို့ ကျွန်တော်တို့က သတိပေးတဲ့သဘောပါ” ဟု မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။
ဆီကြိတ်ဖတ်များ ဈေးနှုန်းကြီးမြင့်လာခြင်းဖြင့် စားသုံးသူပြည်သူများ စားသုံးနေရသည့် အသား၊ ငါး၊ ဥ၊ နိုဈေးများလည်း ကြီးမြင့်လာနိုင်သည့်အပြင် ပြည်တွင်း တိရိစ္ဆာန်အစာ လိုအပ်ချက်ရှိလာသည့် အကြောင်းကြောင့် ပြည်ပမှပဲပုတ်ဖတ်များ တင်သွင်းရသည့် အခြေအနေသို ရောက်ရှိလာနိုင်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းဆီစက်များအနေဖြင့် ကြိတ်ခွဲထွက်ရှိလာသောကြိတ်ဖတ်များကို ကုန်ချိန် များစွာသိုလှောင်ထားခြင်း၊ ဈေးနှုန်းကြီးမြင့်အောင် လုပ်ဆောင်ခြင်းများ မပြုလုပ်ကြရန် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ အသိပေးထုတ်ပြန်ထားသည်။
