၁၇. ၉. ၂၀၂၅
Written by Nyein Kyaw
နေပြည်တော်ရှိ ဟိုတယ်လုံခြုံရေးဝန်ထမ်းများ စွမ်းဆောင်ရည် ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရိုးရာကိုယ်ခံ ပညာနှင့် မြန်မာ့ရိုးရာသိုင်းသင်တန်းကို နေပြည်တော်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင်လည်း ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော လုံခြုံရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲကို နေပြည်တော်ဟိုတယ်ဇုန် (၁) ရှိ ရွှေနန်းတော်ဟိုတယ်တွင် ယမန်နေ့က ကျင်းပခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ယခုဖွင့်လှစ်သည့် ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းသင်တန်းတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များတွင် လုံခြုံရေးအဓိကတာဝန်ယူထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဆက်လက်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ရိုးရာကိုယ်ခံပညာနှင့် မြန်မာ့သိုင်းပညာရပ်သည် ကျန်းမာရေးအရလည်း ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှု ရရှိစေနိုင်သည့်အပြင် မိမိကိုယ်ကိုယ် လုံခြုံမှု၊ လျင်မြန်ဖျတ်လတ်မှု၊ ဖြတ်ထိုးဉာဏ်ကောင်းမွန်မှု၊ ဆုံးဖြတ်ချက်မှန်ကန်စွာချမှတ်နိုင်မှု၊ အပြန်အလှန်လေးစားမှုစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
သင်တန်းသားများအနေဖြင့် ကိုယ်ခံပညာကို စနစ်တကျတတ်မြောက်ထားခြင်းဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ယုံကြည်မှုရှိရှိနှင့် ပြည့်ပြည့်ဝဝတာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ သိုင်းပညာရပ် ဆက်လက်ပြန့်ပွားနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ယခုနေပြည်တော်တွင် ဖွင့်လှစ်သည့် အဆိုပါသင်တန်းအား နေပြည်တော်ပြည်ထောင်စုနယ်မြေ ဟိုတယ်ဇုန်အတွင်းရှိ ဟိုတယ်များမှ လုံခြုံရေးဝန်ထမ်းများ တက်ရောက်ကြပြီး ရက်သတ္တပတ် လေးပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
