၁၆. ၉. ၂၀၂၅
Written by Nyein Kyaw
တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောသည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် နန်နင်းမြို့ မြန်မာစီးပွားရေးကိုယ်စားလှယ်ရုံး၌ ကျင်းပသည့် မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ အမယ်သစ်များနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် တရုတ်နိုင်ငံအနေဖြင့် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်ကြရန် ဖိတ်ခေါ်ပါကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံက ကြီးမှူးဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်တွင် ပါဝင်သည့် ဦးစားပေးနယ်ပယ် ၈ ခုတွင် မိမိတို့နိုင်ငံဖြင့် ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေသောကြောင့် လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် အခွင့်အလမ်းကောင်းများ များစွာရှိကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
မိမိတို့နိုင်ငံအနေဖြင့် ယုံကြည်စွာ လာရောက်ရင်းနှီးမြှုပ်နှံနေသည့် စီးပွားရေးလုပ်ငန်းရှင်များအတွက် စီးပွားရေးပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ၍ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအနေဖြင့်လည်း ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တင်ပြစေလိုပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းကာ ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းများ၊ မူဝါဒများနှင့်အညီ ပို့ကုန်သွင်းကုန် တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လိုမှုများနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးဖြေကြားပြီး နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။
ယနေ့ နံနက်ပိုင်းတွင်လည်း နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လျှိုကျိုးမြို့ရှိ Guangxi Liugong Machinery Co., Ltd Global R & D Center လေ့လာကြရာ ကုမ္ပဏီမှ တာဝန်ရှိသူများက စက်ရုံမှအဆင့်မြင့်နည်းပညာများဖြင့် ဆန်းသစ်တီထွင် ထုတ်လုပ်လျက်ရှိသည့် စက်ယန္တရားကြီးများ၊ EV စက်ယန္တရားကြီးများနှင့် စက်ပစ္စည်း အစိတ်အပိုင်းများ၊ စက်ရုံမှထုတ်လုပ်သည့် EV Loader ဖြင့် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်များ၌ အဝေးထိန်းစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်မှုပြကွက်နှင့် ကမ္ဘာတစ်ဝန်း စီမံကိန်းကြီးများတွင် စက်ရုံထုတ် စက်ယန္တရားကြီးများဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် ပြကွက်တို့ကို ရှင်းလင်းပြသရာ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်ဟု သိရသည်။
