၁၆.၉.၂၀၂၅.
translated by Htwe Ko Tun
အရှေ့တောင်အာရှဒေသမှာ အဆင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ တီမောလက်စတီ ခေါ် အရှေ့တီမောနိုင်ငံမှာ ဥပဒေပြု လွှတ်တော်အမတ်တွေအတွက် တရားဝင်ကားသစ်တွေ ဝယ်ယူမယ့် အစီအစဉ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို ဒုတိယမြောက်နေ့အဖြစ် ဆန္ဒပြသူတွေက စက်တင်ဘာလ ၁၆ ရက်မှာ ပြုလုပ်ခဲ့ကြရာမှာ အရှေ့တီမောရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး နိုင်ငံတွင်း မတည်ငြိမ်မှုက ပေါက်ကွဲလုနီးပါးအခြေအနေကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
မြို့တော် ဒီလီရှိ တက္ကသိုလ်အများအပြားမှ ကျောင်းသားအများစုပါဝင်တဲ့ လူပေါင်း ၂,၀၀၀ ကျော်ဟာ အမျိုးသားလွှတ်တော်အနီးမှာ စုဝေးခဲ့ကြပြီး လွှတ်တော်အမတ် ၆၅ ဦးကို တစ်ဦးစီအတွက် ကားတွေဝယ်ယူပေးမယ့်အစီအစဉ်ကို ကန့်ကွက်ဖို့ ဆန္ဒပြခဲ့ကြတာလည်းဖြစ်ပါတယ်။

ဆန္ဒပြပွဲက ငြိမ်းချမ်းစွာစတင်ခဲ့ပေမယ့် ဆန္ဒပြသူအချို့က ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီးနောက် ရဲ တပ်ဖွဲ့ဝင်တွေကမျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး ဆန္ဒပြလူစုလူဝေးကို ဖြိုခွင်းရာမှာ အခြေအနေက ပြင်းထန်လာခဲ့တာပါပဲ။
စက်တင်ဘာလ ၁၅ ရက်ကလည်း အလားတူဆန္ဒပြခဲ့ကြအပြီးမှာ နိုင်ငံရေး ပါတီအများအပြားက အမတ်တွေအတွက် ကားသစ်များဝယ်ယူဖို့ အစီအစဉ်ကို ဖျက်သိမ်းဖို့ လွှတ်တော်ကို တောင်းဆိုမယ်လို့ ကြေညာခဲ့ပါတယ်။
ဒီပါတီတွေက မော်တော်ယာဉ်တွေဝယ်ယူဖို့အတွက် အသုံးစရိတ်တွေပါဝင်တဲ့ ၂၀၂၅ ရသုံးမှန်းခြေငွေစာရင်း ကိုတော့ အရင်က အတည်ပြုခဲ့ကြတာပါ။

ဆန္ဒပြသူတွေက ဒီအစီအစဉ်ကို တရားဝင် ဖျက်သိမ်းတဲ့အထိ ဆက်လက်ဆန္ဒပြမယ်လို ကတိပြု ပြောကြားခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက “သူခိုးတွေ ရပ်ကြတော့၊ အကျင့်ပျက်ခြစားသူတွေ ရပ်ကြတော့” လို့ အာဏာပိုင်တွေကို တိုက်တွန်းရေးသားထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်လာကြပါတယ်။ သူတို့က လွှတ်တော်အဆောက်အအုံအနီးမှာ တာယာတွေနဲ့ အစိုးရယာဉ်တစ်စီးကိုလည်း မီးရှို့ခဲ့ကြပါတယ်။ အရှေ့တီမောအစိုးရကတော့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်တဲ့ တရားဝင်တုံ့ပြန်ပြီး သတင်းထုတ်ပြန်တာကို စက်တင်ဘာလ ၁၆ ရက်အထိ မပြုလုပ်သေးပါဘူး။
စက်တင်ဘာလ ၁၅ ရက်မှာ တီမောပြန်လည်တည်ဆောက်ရေး အမျိုးသားကွန်ဂရက်ပါတီ၊ ဒီမိုကရက်တစ်ပါတီနဲ့ တီမော အမျိုးသားစည်းလုံးညီညွတ်ရေးမြှင့်တင်မှုပါတီတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ရာမှာ အဆိုပါဝယ်ယူမှုက အများပြည်သူအကျိုးစီးပွားကို ထင်ဟပ်မှုရှိတာကြောင့် ဝယ်ယူမှုကို ဖျက်သိမ်းဖို့ ပါလီမန်ကို တောင်းဆိုမယ်လို့ ကတိပြု ဖော်ပြခဲ့ပါတယ်။
အရှေ့တောင်အာရှဒေသမှာ အသေးငယ်ဆုံးနိုင်ငံဖြစ်တဲ့ အရှေ့တီမောဟာ ၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှားထံမှ လွတ်လပ်ရေးရရှိခဲ့တာပါ။ ပေါ်တူဂီကိုလိုနီဟောင်းဖြစ်တဲ့ အရှေ့တီမောဟာ ရေနံအပေါ်မှီခိုအားထားနေရတဲ့ စီးပွားရေးနဲ့အတူ မြင့်မားတဲ့မညီမျှမှု၊ အာဟာရချို့တဲ့မှုနဲ အလုပ်လက်မဲ့ပေါများမှုတို့နဲ့ ရင်ဆိုင်နေရတာပါ။
Ref- inquirernet
