၁၆.၉.၂၀၂၅
Written by Hey Mar
ဆယ်ကျော်သက် လူငယ်တစ်ဦး မိသားစုဝင်တွေ မရှိချိန် ကြိုးဆွဲချ(ဆွဲကြိုးချ) အဆုံးစီရင်ခဲ့တဲ့ဖြစ်စဉ် မနေ့က စက်တင်ဘာ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်က မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ပျော်ဘွယ်မြို့အပိုင်ထဲက ကျေးရွာမှာ ဖြစ်ပွားခဲ့တယ်လို့ အလင်းရောင် ပရဟိတလူငယ်အဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ပျော်ဘွယ်မြို့ အရှေ့ဘက်၊ အုန်းပင်အုပ်စု၊ နတ်မြှောင်းကျေးရွာမှာ ဖြစ်ပွားခဲ့ပြီး အသက် (၁၅)နှစ်ခန့် လူငယ်တစ်ဦး နေအိမ်ထုပ်တန်းမှာ ကြိုးဆွဲချသေဆုံးနေကြောင်း တာဝန်သိပြည်သူတစ်ဦးက သက်ဆိုင်ရာကို ဖုန်းဆက်သတင်းပေးပို့လာတာကြောင့် တာဝန်ရှိသူတွေနဲ့ အတူသွားရောက်ကာ ပရဟိတအသင်းက ရုပ်အလောင်းသယ်ယူပေးခဲ့ရတယ်လို့ သိရပါတယ် ။
“မိဘတွေက လက်လုပ်လက်စားတွေပဲ။ အိမ်မှာ သူတစ်ဦးတည်းရှိနေချိန် ဖြစ်သွားတာ။ သူ့အမေ သူ့ကို အချစ်ဆုံးလေ။အမေ ရင်ကျိုးတာပေါ့။ စိတ်လွတ်သွားလို့ ဆေးကုနေရတယ်။ ဂိမ်းစွဲတာတွေ ဘာတွေလည်းမဟုတ်ဘူး။ ကလေးမှာ ဘာပြဿနာရှိမှန်းကို မသိကြပါဘူး။ ရပ်ဓလေ့ကတော့ ကလေးမှာ အဖို့ပါလာလို့ လို့ပဲ ပြောနေကြတာပေါ့။ ဆယ်ကျော်သက်တွေဆိုတာ စိတ်အတက်အကျ မြန်တဲ့အရွယ်လေ” လို့ အလင်းရောင် ပရဟိတလူငယ်အဖွဲ့ရဲ့ တာဝန်ရှိသူက မြေပြင်ကြုံတွေ့ရတာတချို့ကို MT News က ဆက်သွယ်မေးမြန်းစဉ် ပြန်လည်ဖြေကြားပါတယ်။
လူငယ်ရဲ့ သေဆုံးမှုက ဓမ္မတာအတိုင်း ဟုတ် မဟုတ် အမှန်သိရှိစေဖို့အတွက် ပျော်ဘွယ်ပြည်သူ့ဆေးရုံကြီးဆီ ရင်ခွဲစစ်ဆေးနိုင်ဖို့ သဘာဝဘေးအန္တရာယ် လူမှုကူညီရေးနှင့် ကယ်ဆယ်ရေး အလင်းရောင်ပရဟိတအဖွဲ့မှ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။



