
၁၄.၉.၂၀၂၅
Written By Thandar
တေးသံရှင် ကိုရဲရဲ့ သီချင်းဟောင်းနှစ်ပုဒ်နဲ့ ကိုယ်ပိုင် Own Tune တွေပါဝင်တဲ့ “ဣန္ဒြေရှင်မလေး” Mini Album တေးသီချင်း မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ MTY စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။
“ဂီတက ကျွန်တော့်အတွက် စိတ်နုပျိုမှုလည်း ရတယ်။ ဂီတကို ချစ်မြတ်နိုးတယ်။ အဲဒါကြောင့် ဒီအသက်အရွယ်ရောက်မှ တေးသီချင်းအခွေကို လုပ်ဖြစ်တာပါ။ ဂီတကို ချစ်မြတ်နိုးတယ်။ အဲဒါကြောင့်လည်း အခုအချိန်မှ အသက်ကြီးမှ သီချင်းထလုပ်တာကိုလည်း ဘယ်သူတွေကပဲ ဝေဖန်ပါစေ ကျွန်တော်ကတော့ ကိုယ်ကြိုက်တာကိုပဲ လုပ်မှာပါ။ ပရိသတ်တွေအတွက် ကျွန်တော်ချစ်တဲ့ ဂီတအနုပညာကို ဆက်ပြီး လုပ်သွားဦးမှာပါ”လို့ တေးသံရှင် ကိုရဲက MT Entertainmentကို ပြောပါတယ်။
အဆိုပါ သီချင်းမိတ်ဆက်ပွဲကို သိန်းဇော်(စန္ဒကူး) စီစဉ်ပြီး ဒါရိုက်တာညီညီ (လဝန်းသစ်)က တေးသံရှင်ကိုရဲနဲ့အတူ တေးသံရှင် မေလသံစဉ်၊ ပုလဲဖြူစင်ဖွေးတို့က အားဖြည့်သီဆိုထားကြပါတယ်။
ဒီ Mini Album မှာ တေးရေးအနေနဲ့ သုခမိန်လှိုင်၊ စိုးလွင်လွင်၊ မင်းသက္က၊ အောင်ပြည့်တို့ ရေးသားထားတဲ့ လူဦးရေသန်းပေါင်း ၆ဝဝဝ ထဲကအချစ်၊ ချစ်လို့ ၊ အချစ်ရေစက် ကမ္ဘာခြားသလို၊ ဣန္ဒြေရှင်မလေး စတဲ့ တေးသီချင်း ၅ပုဒ်ပါဝင်ပြီး တေးဂီတပိုင်းကို AMH Music Band က တီးခတ်ပေးထားကာ Mixing ပိုင်းအနေနဲ့ ကိုသူရ (EMS) Studio ကအသံသွင်းထားတယ်လို့သိရပါတယ်။
“ဣန္ဒြေရှင်မလေး”ကို ယနေ့ စက်တင်ဘာ ၁၄ရက်မှာ မာတလိဂီတအနုပညာရပ်ဝန်း၊ Ko Ye YouTube, Facebook တွေကနေ စတင်ဖြန့်ချိနေပြီလည်းဖြစ်ပါတယ်။
