၁၄. ၉. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိသည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၅၆ ခု၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၉ ခုနှင့် တိုင်းနှင့်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၅၆ ခုတို့တွင် ရွေးကောက်ပွဲများ ကျင်းပသွားနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၅၆) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၉) နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၅၆) နယ်တို့တွင် ရွေးကောက်ပွဲများ ကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၁၀၃/၂၀၂၅) ဖြင့် ၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ကြေညာခဲ့သည့် ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် လွှတ်တော်အလိုက် မဲဆန္ဒနယ်တွင် ပါဝင်သည့်နယ်မြေများစာရင်းအသေးစိတ်ကို နေ့စဉ်ထုတ် သတင်းစာများတွင် ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး Website ဖြစ်သည့် www.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။
