၁၃. ၉. ၂၀၂၅
Translated by Thettant
ထိုင်းအစိုးရသည် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ မြန်မာဒုက္ခသည် ၄၀,၀၀၀ ကျော်အား ယာယီအလုပ်လုပ်ကိုင်ခွင့် ပေးတော့မည်ဖြစ်ပြီး ထိုင်းအစိုးရအဖွဲ့က အတည်ပြုခဲ့သည့် ဤဆုံးဖြတ်ချက်သည် ထိုင်းနိုင်ငံအလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများရှိ လုပ်သားရှားပါးမှုကို ဖြေရှင်းရန် ရည်ရွယ်ထားကာ ယာယီခိုလှုံရာစခန်း ၉ ခုတွင် နေထိုင်သူ မြန်မာဒုက္ခသည်များအား တစ်နှစ်သက်တမ်းရှိ အလုပ်လုပ်ခွင့်လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယအမြဲတမ်းအတွင်းဝန် Chamnanwit Terat က ၎င်း၏ဝန်ကြီးဌာနသည် လုပ်သား ၄၀,၀၀၀ ခန့် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို အပြီးသတ်ရန် အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
ဒုက္ခသည်များသည် ရှေးဦးစွာ ပြည်နယ်အုပ်ချုပ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ရမည်ဖြစ်သည်။ ၎င်းတို့သည် ခိုလှုံရာစခန်းများတွင် ဆက်လက်နေထိုင်ခွင့်ရှိသော်လည်း အပြင်ထွက် အလုပ်လုပ်ရန်အတွက် သက်ဆိုင်ရာခရိုင်အကြီးအကဲထံမှ ခွင့်ပြုချက် လျှောက်ထားရမည်ဖြစ်သည်။
ခွင့်ပြုချက်ရရှိပါက ပြည်နယ်အလုပ်အကိုင်ရုံးက သစ်သမား၊ အုတ်စီသမားကဲ့သို့သော လက်မှုပညာများမှသည် အထွေထွေလုပ်သားအထိ ကျွမ်းကျင်မှုစစ်ဆေးပြီးနောက် အလုပ်ရှင်များနှင့် ချိတ်ဆက်ပေးကာ စာချုပ်ချုပ်ဆိုမည်ဖြစ်သည်။
လုပ်သားများသည် အလုပ်လုပ်ခွင့်လက်မှတ် မထုတ်ပေးမီ ကျန်းမာရေးစစ်ဆေးမှုခံယူပြီး ကျန်းမာရေးအာမခံထားရှိရန် လိုအပ်မည်ဖြစ်သည်။ အဆိုပါလက်မှတ်များသည် တစ်နှစ်အထိ သက်တမ်းရှိပြီး သက်တမ်းကုန်ဆုံးပါက လုပ်သားများသည် ဒုက္ခသည်စခန်းသို့ ပြန်လာရမည်ဖြစ်သည်။
ဒုက္ခသည်များ၏ ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်အတွက် မှတ်ပုံတင်ကြေးအများစုကို ကင်းလွတ်ခွင့်ပေးမည်ဖြစ်ပြီး ကျန်းမာရေးစစ်ဆေးခကိုမူ အလုပ်ရှင်နှင့် အလုပ်သမားတို့အချင်းချင်း ညှိနှိုင်းရမည်ဖြစ်ကြောင်း Chamnanwit က အတည်ပြုခဲ့သည်။
ဤအစီအစဉ်တွင် မယ်ဟောင်ဆွန်၊ တက်ခ်၊ ကန်ချနာဘူရီနှင့် ရတ်ချဘူရီပြည်နယ်များရှိ ဒုက္ခသည်စခန်း ၉ ခု ပါဝင်မည်ဖြစ်သည်။
လုပ်သားများကို လုပ်သားရှားပါးမှု သိသာထင်ရှားသည့် ရယောင်းနှင့် ချန်သာဘူရိရှိ စက်မှုနှင့် စိုက်ပျိုးရေးအချက်အချာဒေသများသို့ စေလွှတ်မည်ဖြစ်သည်။ ထိုင်းနိုင်ငံသားများအတွက် သီးသန့်သတ်မှတ်ထားသော အလုပ်များကို လုပ်ကိုင်ခွင့်ပြုမည်မဟုတ်ပေ။
ဤဆောင်ရွက်ချက်သည် လုပ်သားရှားပါးမှုကို ဖြေရှင်းနိုင်ရုံသာမက တရားမဝင်အလုပ်လုပ်ကိုင်မှုအန္တရာယ်ကို လျှော့ချကာ ဒုက္ခသည်များကို ပိုမိုစနစ်တကျ စီမံခန့်ခွဲနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပြီး လုပ်သားနှင့် လုပ်ငန်းရှင်နှစ်ဦးစလုံးအတွက် အကျိုးရှိမည်ဟု ထိုင်းအစိုးရက မျှော်လင့်ထားသည်။
Ref , The Nation Thailand
