၁၃.၉.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ နန်သာဘူရီပြည်နယ်၊ ဘန်ရိုင်းခရိုင် တွင် လူစည်ကားလျက်ရှိသော Central Westgate ကုန်တိုက်ကြီးအတွင်း အသက် ၂၁ နှစ်ရှိ အမျိုးသားတစ်ဦးမှာ ကုန်တိုက်၏လေးလွှာမှခုန်ချခဲ့ရာ ပြင်းထန်စွာဒဏ်ရာရပြီး မေ့မြောနေမှုတစ်ရပ် စက်တင်ဘာလ ၁၂ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသူက အမျိုးသမီးတစ်ဦး၏ စကတ်အောက်မှနေ၍ iPad တစ်ခုကို အသုံးပြုကာ ကုန်တိုက်၏လေးလွှာတွင် တိတ်တဆိတ် ဗီဒီယိုရိုက်ရန် ကြိုးပမ်းခဲ့ခြင်းဟု သိရသည်။ ထိုသို့လုပ်ဆောင်မှုကို အမျိုးသမီးက တွေ့မြင်သိရှိပြီးနောက် အော်ဟစ်အကူအညီတောင်းခဲ့ရာတွင် ကုန်တိုက်လုံခြုံရေးအစောင့်များက အဆိုပါအမျိုးသားအား ဖမ်းဆီးရန်ရောက်လာကြခြင်းဟု မျက်မြင်တွေ့ရှိသူများက ပြောခဲ့ကြသည်။
ကုန်တိုက်၏ လုံခြုံရေးတာဝန်ယူထားသောရဲမှူး ဆီရီဖော့ အနျူဆီရီကလည်း ရဲတပ်ဖွဲ့ဝင်များကို လုံခြုံရေးအစောင့်များနှင့်ပေါင်း၍ Universal ရှပ်အင်္ကျီတစ်ထည်ဝတ်ထားသော ထိုသူအား ဝိုင်းဝန်းဖမ်းဆီးရန် အမိန့်ပေးခဲ့သည်ဟုဆိုသည်။
ရဲတပ်ဖွဲ့က သက်သေအထောက်အထားများရယူနေစဉ် ထိုသူမှာ ထိတ်လန့်ပြီးထွက်ပြေး လွတ်မြောက်ရန် ကြိုးစားခဲ့ခြင်းဟုသတင်းများအရသိရသည်။ ၎င်းက ဦးစွာ အိတ်ကို ကုန်တိုက်မြေညီထပ်သို့ ပစ်ချကာ လူကပါ လေးလွှာမှ မြေညီထပ်သို့ခုန်ချခဲ့ခြင်းဟုဆိုသည်။ သို့သော် မြေညီထပ်အရောက်တွင် ၎င်းမှာ ကျိုးပဲ့မှုများနှင့်အတူ ပြင်းထန်စွာဒဏ်ရာရပြီး ကုန်တိုက်မြေညီထပ်ကြမ်းပြင်တွင် မေ့မြောကာ သတိလစ်နေခဲ့ခြင်းဖြစ်သည်။
၎င်းအားဆေးရုံသို့ ချက်ချင်းတင်ပို့ခဲ့ရကြောင်း သိရသည်။ မျက်မြင်တွေ့ရှိသူတစ်ဦးကမူ ကြောက်လန့်တကြားဖြစ်စေခဲ့သော ဖြစ်ရပ်တစ်ခုအဖြစ် ပြောကြားခဲ့ပြီး ဖြစ်ရပ်အတွင်းအချို့ဆိုလျှင် ထိတ်လန့်ကာ ငိုကြွေးခဲ့ကြကြောင်းလည်း သိရသည်။
Ref- Bangkok Post
