၁၃.၉.၂၀၂၅
Translated by Htwe Ko Tun
ကွန်ဂိုနိုင်ငံအနောက်မြောက်ပိုင်းမှာ ယခု ရက်သတ္တပတ်အတွင်းမှာပဲ စက်လှေမတော်တဆ တိမ်းမှောက်မှုနှစ်ရပ် သီးခြားစီဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၉၃ ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေနဲ့ နိုင်ငံပိုင်မီဒီယာတွေက စက်တင်ဘာလ ၁၂ ရက်မှာ သတင်းထုတ်ပြန်ခဲ့ကြပါတယ်။
ကွန်ဂိုနိုင်ငံရဲ့ အီကွေတောပြည်နယ်မှာ ရေယာဉ်တိမ်းမှောက်မှုတွေက တစ်ခုနဲ့တစ်ခု ကီလို မီတာ ၁၅၀ ခန့်သာ ကွာဝေးပြီး စက်တင်ဘာလ ၁၀ ရက်နဲ့ စက်တင်ဘာလ ၁၁ ရက်တွေမှာဖြစ်ပွားခဲ့ကြတာလို့လည်း သိရပါတယ်။
တိမ်းမှောက်မှုတစ်ခုမှာ ခရီးသည် ၅၀၀ နီးပါးပါရှိတဲ့ ရေယာဉ်တစ်စင်းက စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းက ပြည်နယ်ရဲ့ လူကိုလီလာ နယ်မြေမှာ မီးလောင်တိမ်းမှောက်ခဲ့တယ်လို့ ကွန်ဂိုနိုင်ငံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
လူကိုလီလာ နယ်မြေ၊ မာလန့်ဂျ် ရွာအနီးမှာဖြစ်ခဲ့တဲ့ အဆိုပါရေယာဉ်တိမ်းမှောက်မှု အပြီးမှာ လိုက်ပါလာသူတွေအထဲက ၂၀၉ ဦးကိုသာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒီမတိုင်ခင် ပြည်နယ်ရဲ့ ဘာဆန်ကူဆူ နယ်မြေမှာ စက်တင်ဘာလ ၁၀ ရက်က မော်တော်ဘုတ်တစ်စီး တိမ်းမှောက်နစ်မြုပ်ခဲ့တဲ့အတွက် ကျောင်းသူကျောင်းသားအများစုပါဝင်တဲ့ အနည်းဆုံး ၈၆ ဦးအသက် ဆုံးရှုံးခဲ့ရသေးတယ်လို့လည်း နိုင်ငံပိုင်မီဒီယာတွေက ထုတ်လွှင့်ခဲ့ပါတယ်။ ထိုတိမ်းမှောက်မှုမှာ လိုက်ပါလာသူအများအပြားလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အရေအတွက် မည်မျှပျောက်ဆုံးနေလဲဆိုတာ အတိအကျ သတင်းတွေမှာ မဖော်ပြခဲ့ပါဘူး။
ဒါ့ပြင် အဆိုပါ ရေယာဉ်တိမ်းမှောက်မှုနှစ်ခုရဲ့အကြောင်းရင်းတွေက ဘာတွေလဲဆိုတာရယ်၊ သတင်းထုတ်ပြန်တဲ့ စက်တင်ဘာလ ၁၂ ရက် ညနေပိုင်းအထိ ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်လက် ဆောင်ရွက်နေ သေးသလားဆိုတာ လောလောဆယ်ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
နိုင်ငံပိုင်မီဒီယာကတော့ စက်တင်ဘာလ ၁၀ ရက်ကမော်တော်ဘုတ်တိမ်းမှောက်မှုမှာ ကုန်ပစ္စည်းတွေကို ရေယာဉ်ကခံနိုင်ရည်ရှိမှုထက် ကျော်လွန်ပြီး မသင့်လျော်အောင်တင်ဆောင်မှုနဲ့ ညဘက်မှာ ရေကြောင်း ခရီးသွားတာတွေကြောင့်လို့ မှတ်ယူရတယ်လို့ပြောခဲ့ပါတယ်။ ဒေသခံလူမှုရေးအုပ်စုတစ်ခုကတော့ အဆိုပါတိမ်းမှောက်မှုအတွက် အစိုးရကို အပြစ်တင်ပြောကြားခဲ့ပြီး သေဆုံးမှုအရေအတွက်ကလည်း မြင့်တက်လာနိုင်သေးတယ်လို့ ဆိုခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ တစ်စုံတစ်ရာဝေဖန်ပြောကြားတာ မလုပ်ခဲ့ကြပါဘူး။
ကွန်ဂိုနိုင်ငံမှာ ခရီးသွားပြည်သူတွေအနေနဲ့ အနည်းငယ်သာရှိတဲ့ ကုန်းလမ်းခရီးသွားလာမှုတွေထက် ဈေးသက်သာမှုလည်းရှိတဲ့ ရေလမ်းခရီးက သွားလာမှုတွေကို ပိုမိုရွေးချယ်လာကြတာရယ်၊ သစ်သားနဲ့ တည်ဆောက်ထားတဲ့ရေယာဉ်တွေ သူတို့ခံနိုင်ရည်ထက် ကျော်လွန်ပြီး လူနဲ့ ကုန်တွေကို တင်ဆောင်သွားလာနေကြရတာရယ်တို့က ရေယာဉ်တိမ်းမှောက်မှုတွေ မကြာခဏဆိုသလိုဖြစ်စေခဲ့တာပါ။ ဒါ့ပြင် ဒီလို ခရီးစဉ်တွေမှာ အသက်ကယ်အင်္ကျီတွေလည်း ရေယာဉ်တွေမှာ မပါသလောက်ရှားပါးပြီး လူနဲ့ကုန်တွေကို မတန်တဆ တင်ဆောင်သွားလာနေကြတာတွေကို တွေ့နေရပါတယ်။
ရေယာဉ်အများအပြားက ညဘက်တွေမှာ သွာလာကြတဲ့အတွက် တကယ်လို့ မတော်တဆမှုတွေဖြစ်ခဲ့ ရင် ကယ်ဆယ်ရေးလုပ်ငန်းတွေကို များစွာ အခက်တွေ့စေတယ်လို့လည်း ဆိုကြပါတယ်။
Ref- CBS News


