၁၃. ၉. ၂၀၂၅
Written by Nyein Kyaw
တက္ကသိုလ်များ၏ စာမေးပွဲကာလ နီးကပ်လာပြီဖြစ်သည့်အတွက် မေးခွန်းများလုံခြုံမှုရှိစေရေး၊ အဖြေလွှာများ မပျောက်ပျက်စေရေးတို့ကို အလေးထားဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က မနေ့က ပြုလုပ်သည့် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် အွန်လိုင်းဖြင့် တွေ့ဆုံဆွေးနွေးတွင် မှာကြားခဲ့သည်။
တက္ကသိုလ်များ၏ စာမေးပွဲကာလ နီးကပ်လာပြီဖြစ်သည့်အတွက် စာမေးပွဲအောင်မြင်စွာ ကျင်းပရေး၊ မေးခွန်းများလုံခြုံမှုရှိစေရေး၊ အဖြေလွှာများ မပျောက်ပျက်စေရေးနှင့် အမှားအယွင်းကင်းရေးကို အလေးထားဆောင်ရွက်ကြရန်၊ ကျောင်းသားကျောင်းသူများ စိတ်ချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနိုင်ရန် လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်ဖန်တီးပေးရန်နှင့် လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် တက္ကသိုလ်အသီးသီးတွင် စကားဝိုင်းဆွေးနွေးပွဲများနှင့် သုတေသနအလုပ်ရုံ ဆွေးနွေးပွဲများကျင်းပရန်၊ ရာထူးတိုး၊ အပြောင်းအရွှေ့များဆောင်ရွက်ခြင်းအတွက် မူဝါဒများချမှတ်ရန်၊ Grade 10, 11, 12 သင်ရိုးညွှန်းတမ်းများနှင့် စပ်လျဉ်း၍ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ တက္ကသိုလ်စာကြည့်တိုက်များတွင် စာကြည့်တိုက်အသုံးပြုမှု မှတ်တမ်းထားရှိရန်၊ တက္ကသိုလ်ပညာရပ်များ အဆင့်မြင့်မားရေးစာကြည့်တိုက် အခြေပြုရန်လိုအပ်သောကြောင့် ချမှတ်ထားသည့် မူဝါဒများအတိုင်း ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
