၁၃. ၉. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း မဲမသမာမှုများ မဖြစ်ပေါ်စေရန် မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေများဆိုင်ရာ အခန်းတစ်ခု ထည့်သွင်းထား၍ မဲဆွယ်စည်းရုံးမည့် နိုင်ငံရေးပါတီများ အဆိုပါ ဥပဒေများကို အထူးအလေးထား လိုက်နာဆောင်ရွက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က အသိပေးထားသည်။
မဲမသမာမှုများဖြစ်ပွားခဲ့သည့် ယခင် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးရေး ကာလများ၌ မဲမသမာမှုများ အများဆုံးတွေ့ရှိရကြောင်း၊ ထို့ကြောင့် ယခင်ရွေးကောက်ပွဲဥဒေတွင် မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်သည့် သီးခြားပြဋ္ဌားန်ထားသည့် ဥပဒေ၊ နည်းဥပဒေများ မပါရှိသော်လည်း ယခုရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်ပြီး ဥပဒေနှင့် နည်းဥပဒေများ အခန်းတစ်ခု ထည့်သွင်းထားကြောင်း သိရသည်။
“ကျွန်တော်တို့က သွားရောက်စစ်ဆေးခဲ့တဲ့ အတွေ့အကြုံတွေအရ နောင်ရွေးကောက်ပွဲကျရင် ဒီလိုမျိုးမဲဆွယ်စည်းရုံးရေးကတစ်ဆင့် ဒီချိုးဖောက်မှုတွေ၊ မသမာမှုတွေ မဖြစ်ရလေအောင် ကာကွယ်ထားမှရမယ်ဆိုပြီးတော့မှ ဒီဥပဒေတွေ၊ နည်းဥပတွေထဲမှာ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်ပြီး အခန်းတစ်ခုထည့်ထားပါတယ်” ဟု UEC တာဝန်ရှိသူက ပြောကြားသည်။
ရွေးကောက်ပွဲတစ်ခု ဖြစ်မြောက်စေရန်အတွက် နံပါတ် (၁) ရွေးကောက်ပွဲကော်မရှင်၊ နံပါတ် (၂) ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ၊ နံပါတ် (၃) မဲဆန္ဒရှင်များရှိရမည်ဖြစ်ပြီး အဆိုပါ သုံးဦးသုံးဖလှယ်ကသာ မဲမသမာမှုများကို ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မဲဆွယ်စည်းရုံးမှုများတွင် မဲမသမာမှုများ မဖြစ်ပေါ်စေရန် ထည့်သွင်းထားသည့် အဆိုပါ ဥပဒေ၊ နည်းဥပဒေများကို မဲဆွယ်စည်းရုံးမည့် နိုင်ငံရေးပါတီများ အထူးအလေးထား လေ့လာထားရန် UEC က အသိပေးထားသည်။
“အဲဒါလေးတွေကိုတော့ အထူးသဖြင့် မဲဆွယ်စည်းရုံးရမယ့် နိုင်ငံရေးပါတီများအနေနဲ့တော့ သေသေချာချာ စိတ်ဝင်တစ်စား ဖတ်ရှု့ပြီးတော့မှ အဲဒီအတိုင်းပဲ လိုက်နာဆောင်ရွက်သင့်ပါတယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်” ဟု UEC တာဝန်ရှိသူက အသိပေးသည်။
