၁၃ .၉. ၂၀၂၅
Written by Hey Mar
လွန်ခဲ့တဲ့ တစ်လကျော်က ခင်ပွန်းဖြစ်သူ ချောင်းထဲခုန်ချအဆုံးစီရင်ခဲ့တဲ့ တံတားပေါ်ကနေ ဒီနေ့မှာ ဇနီးဖြစ်သူ ထပ်မံလိုက်ပါ ခုန်ချခဲ့တဲ့ဖြစ်စဉ် ဒီမနက် ၁၁ နာရီအချိန်ခန့်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ငမိုးရိပ်ချောင်းပေါ် ဖြတ်ကျော်တည်ဆောက်ထားတဲ့ တောင်ဒဂုံ-သုဝဏ္ဏ ပြည်ထောင်စုတံတား (တံတားဖြူ)မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ အောင်ရဲသူ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ခုန်ချခဲ့တဲ့ အမျိုးသမီးက အသက် နှစ်ဆယ်ကျော် အရွယ်လို့ ခန့်မှန်းရပြီး သူခုန်ချသွားတာကို တွေ့ရှိတဲ့ပတ်ဝန်းကျင်ရှိသူတချို့က ဖြတ်သန်းသွားတဲ့ ပရဟိတကားကို တွေ့ရှိတာကြောင့် ဝိုင်းဝန်းတားဆီးပြီး ကူညီဖို့ အကူအညီတောင်းကြတာလို့လည်း သိရပါတယ်။
အောင်ရဲသူ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကျွန်တော် အဲ့ဒီနေရာရောက်တော့ ရေထဲမျောသွားတဲ့ အမျိုးသမီးကို မြင်လိုက်တယ်။ ရေကျချိန် ရေစီးလည်းရှိနေတယ်။ မလှမ်းမကမ်းမှာ ကျောက်သဲစုပ်တဲ့ စက်လှေတွေကို အော်ဟစ်အကူအညီတောင်းကြပေမယ့် ကြားပုံမရဘူး။ ရှာကယ်ပစ္စည်းအစုံရှိတဲ့ နယ်မြေခံ သုဝဏ္ဏလူမှုကူညီရေးအသင်း ချိတ်ဆက်ရတယ်။ ကျွန်တော့်ကားက လူနာပို့ပြီး ပြန်လာတာမို့ လူရော၊ ပစ္စည်းရော မပြည့်စုံဘူး” လို့ မျက်မြင်ကြုံတွေ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။
လက်ရှိမှာ သုဝဏ္ဏလူမှုကူညီရေးအသင်းနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေး အချိန်နဲ့တစ်ပြေးညီ စတင်ဆောင်ရွက်နေပြီး အောင်ရဲသူလူမှုကူညီရေးအသင်းက ခုန်ချသွားသူ အမျိုးသမီးရဲ့ မိသားစုကို ရှာဖွေချိတ်ဆက် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
“ခုန်ချသွားတဲ့ အမျိုးသမီးရဲ့ မိသားစုဝင် အကိုနဲ့ ယောင်းမ လိုက်လာတယ်။ သူတို့ညီမလေးက အရင်က Capital Hyper Market မှာ အလုပ်လုပ်တယ်တဲ့။ လွန်ခဲ့တဲ့ တစ်လကျော်က သူ့အမျိုးသားလည်း အခု သူခုန်ချတဲ့ နေရာကနေပဲ ခုန်ချသွားတာကို သုဝဏ္ဏအသင်းကပဲ အလောင်းဆယ်ထားရတာလို့ မိသားစုဝင်တွေက ပြောပြတယ်။ ကောင်မလေးက သူ့ယောက်ျား ဆုံးပြီးကတည်းက စိတ်ဓာတ်ကျနေပြီး နေမကောင်းဖြစ်နေတာလို့ ပြောတယ်” လို့ အောင်ရဲသူလူမှုကူညီရေးအသင်းက မြေပြင်မှာ ကြုံတွေ့ရတဲ့ အခြေအနေတချို့ကို MT News ကို ပြောပြပါတယ်။


