၁၃.၉.၂၀၂၅
Translated by Htwe Ko Tun
နီပေါနိုင်ငံမှာ နိုင်ငံတစ်ဝန်းဆိုးဝါးလှတဲ့ အကြမ်းဖက်မှုတွေနဲ့အတူ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့ကာ နီပေါဝန်ကြီးချုပ် ကေပီရှာမာ အိုလီ ရာထူးမှနုတ်ထွက်ခဲ့ပြီးနောက် လေးရက်အကြာ စက်တင်ဘာလ ၁၂ ရက်မှာတော့ သမ္မတအိမ်တော်မှာကျင်းပတဲ့ အထူးအခမ်းအနားတစ်ရပ်မှာ တရားသူကြီးချုပ်ဟောင်း ဆူရှီလာ ကာကီက နီပေါနိုင်ငံရဲ့ ကြားဖြတ်ဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်ခဲ့ပါတယ်။
ကြားဖြတ်ဝန်ကြီးချုပ်ရဲ့ကျမ်းသစ္စာကျိန်ဆိုမှုကို သမ္မတ ရမ်ချန်ဒရာ ပေါဒယ်လ်ရဲ့ရှေ့မှာ ဒုတိယသမ္မတ၊ တရားသူကြီးချုပ်၊ အဆင့်မြင့်အစိုးရအရာရှိကြီးတွေ၊ လုံခြုံရေးအကြီးအကဲတွေ နဲ့ သံတမန်အသိုင်းအဝန်းက ပုဂ္ဂိုလ်တွေနဲ့အတူ ပြုလုပ်ခဲ့တာပါ။
သမ္မတ ရမ်ချန်ဒရာ ပေါဒယ်လ်က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံအကြီးအကဲကို အပ်နှင်းထားတဲ့ အာဏာတွေကိုအသုံးပြုပြီး ဆူရှီလာ ကာကီကို ကြားဖြတ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့တာပါ။ ကာကီရဲ့ ကြားဖြတ်အစိုးရအနေနဲ့ ပါလီမန်ရွေးကောက်ပွဲတွေကို လာမယ့် ခြောက်လအတွင်း ကျင်းပပေးသွားမယ်လို့ သိရပါတယ်။
ဆူရှီလာကာကီကို ကြားဖြတ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့တာက နီပေါနိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး ဝန်ကြီးချုပ်အဖြစ်လည်း သမိုင်းဝင်စေခဲ့ပါတယ်။
ကာကီကို ဝန်ကြီးချုပ်ခန့်အပ်ခဲ့မှုက အောက်လွှတ်တော်ကိုလည်းဖျက်သိမ်းဖို့နဲ့ ဘယ်ပါတီမှ မပါဝင်တဲ့ အစိုးရတစ်ရပ်ဖွဲ့စည်းဖို့ ဖိအားပေးခဲ့တဲ့ Gen-Z ခေါ်တဲ့ လူငယ်တွေခေါင်းဆောင်တဲ့ ဆန္ဒပြမှုတွေ နောက်မှာ ဖြစ်ခဲ့တာပါပဲ။
ကျမ်းသစ္စာကျိန်ဆိုမယ့် အစီအစဉ်နဲ့အတူ အဖွဲ့ဝင် သုံးဦးပါ အစိုးရကို အဆိုပြုခဲ့ပေမယ့် ဝန်ကြီးတွေအတွက် အမည်စာရင်းတင်သွင်းခြင်းအပေါ် သဘောတူညီမှု မရရှိသေးပါဘူး။ ဒါကြောင့် ဝန်ကြီးချုပ် ကာကီက ဝန်ကြီးနေရာအားလုံးအတွက် ယာယီကြီးကြပ်မှာဖြစ်ပါတယ်။
Ref-The Himalayan
