၁၃. ၉. ၂၀၂၅
Written by Nyein Kyaw
မြန်မာ့အပူပိုင်းဒေသ စိုက်ပျိုးရေးထုတ်ကုန်များအနက်မှ ထုတ်ကုန်ငါးမျိုးကို ရွေးချယ်၍ ဘယ်လာရုစ်နိုင်ငံသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယမန်နေ့က ပြုလုပ်သည့် မြန်မာ့အပူပိုင်းဒေသ စိုက်ပျိုးရေးထုတ်ကုန်များကို ဘယ်လာရုစ်နိုင်ငံသို့ တင်ပို့နိုင်ရေး အသိပညာပေးရေးနှင့် လမ်းပြမြေပုံရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။
မြန်မာ့အပူပိုင်းဒေသမှ စိုက်ပျိုးရေးထုတ်ကုန်များအနက်မှ အလားအလာအရှိဆုံး ထုတ်ကုန်သုံးမျိုးမှ ပို့ကုန် ငါးမျိုးကိုရွေးချယ်၍ ဘယ်လာရုစ်နိုင်ငံသို့ တင်ပို့နိုင်သည်အထိ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအသီးသီးက ဝိုင်းဝန်းကြိုးပမ်း၍ ပံ့ပိုးဆောင်ရွက်ပေးနိုင်မည့် လက်တွေ့ကျသော လမ်းပြမြေပုံကို တက်ရောက်လာသော ဘာသာရပ်ဆိုင်ရာဌာနများ၊ MSME လုပ်ငန်းရှင်များကို အုပ်စုလေးခုဖွဲ့၍ ဝိုင်းဝန်းဆွေးနွေးပြီး အုပ်စုအလိုက်ရရှိသည့် ရလဒ်များအပေါ် ထပ်မံသုံးသပ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
လမ်းပြမြေပုံ ရေးဆွဲပြီးပါက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌသို့တင်ပြ၍ လမ်းပြမြေပုံနှင့်အညီ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ထုတ်ကုန်များကို ဘယ်လာရုစ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ကြောင့် တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များ၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စာလှယ်များ၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် မြန်မာ့စိုက်ပျိုးရေးထုတ်ကုန်များကို ဘယ်လာရုစ်စျေးကွက်သို့ အောင်မြင်စွာ တင်ပို့ရောင်းချနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေး၍ ပံ့ပိုးဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားသည်။
