၁၃. ၉. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် ကိုယ်စားလှယ်လောင်းများအနေဖြင့် နယ်မြေအခြေအနေအရ သီးခြားလုံခြုံရေးလိုအပ်ပါက ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
လက်ရှိ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းနေသည့်ကာလတွင် သက်ဆိုင်ရာနယ်မြေအလိုက် လုံခြုံရေးရရှိစေရေးနှင့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရသည့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ခွဲများတွင်လည်း လုံခြုံရေးများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။
“အဲဒီအပြင် ကိုယ်စားလှယ်လောင်းဖြစ်လာပြီဆိုရင် ခုနက မဲဆွယ်စည်းရုံးရေးတွေလုပ်တယ်။ အဲဒီမှာလည်း ကျွန်တော်တို့က လုံခြုံရေးအစီအမံတွေ ဆောင်ရွက်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ထားတာရှိပါတယ်။ အလားတူပဲ ကိုယ်စားလှယ်လောင်းတွေက သီးခြားလုံခြုံရေး လိုအပ်တယ်ဆိုရင် ကျွန်တော်တို့ သီးခြားသက်ဆိုင်ရာကြီးကြပ်မှုကော်မတီတွေနဲ့ ဆက်သွယ်ပြီးတော့ ဆောင်ရွက်လို့ရပါတယ်” ဟု UEC က အသိပေးသည်။
ထို့ပြင် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းပြီးပါက ကိုယ်စားလှယ်လောင်း အရေအတွက်နှင့် မဲဆန္ဒနယ်အလိုက် ပေါ်ထွက်လာသည့် ကိုယ်စားလောင်းများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများက စိစစ်ကာ စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း UEC က ပြောကြားသည်။
ရွေးကောက်ခံကိုယ်စားလှယ်များ ဘေးကင်းလုံခြုံစွာဖြင့် မဲဆွယ်စည်းရုံးနိုင်ရေးအတွက်လည်း သက်ဆိုင်ရာ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများက အလေးပေးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်မှုမရှိစေရေးအတွက် အဖျက်အမှောင့်လုပ်ဆောင်လာသူများကိုလည်း ထိရောက်စွာ အရေးယူမှုများဆောင်ရွက်သွားရန်လိုကြောင်း ယမန်နေ့က ပြုလုပ်သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်ရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ၏ လုပ်ငန်းညှိနှိင်းအစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
