၁၃. ၉. ၂၀၂၅
Written by Nyein Kyaw
ဝန်ကြီးဌာနများနှင့် ဝန်ထမ်းများ၏ အချက်အလက်များသည် ဆိုရှယ်မီဒီယာများ အသုံးပြုမှုမှတစ်ဆင့် လုံခြုံရေးကျိုးပေါက်နေသောကြောင့် ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ရန် ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
စက်တင်ဘာ ၁၂ ရက် (ယမန်နေ့)က ပြုလုပ်သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်ရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယာယီသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဌာနများ၏ အချက်အလက်များ၊ ဝန်ထမ်းများ၏ အချက်အလက်များသည် ဆိုရှယ်မီဒီယာများ အသုံးပြုမှုမှတစ်ဆင့် လုံခြုံရေးကျိုးပေါက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ လုံခြုံရေးဆိုင်ရာ အချက်အလက်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များသည် တိုက်ရိုက်ကျိုးပေါက်ခြင်း၊ သွယ်ဝိုက်၍ကျိုးပေါက်ခြင်းများဖြင့် တစ်ဦးတစ်ယောက်ခြင်း ထိခိုက်ခြင်း၊ ဌာနအလိုက်ထိခိုက်ခြင်းဖြစ်လာကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်အဆင့် ထိခိုက်ခြင်းများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးပိုင်းဆိုင်ရာအရ အသိပညာပေးရန်နှင့် ထိထိရောက်ရောက် ကြပ်မတ်ခြင်းများ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
