၁၃. ၈. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်၍ နိုင်ငံအတွင်း စားသုံးဆီများ လုံလောက်စွာထုတ်လုပ်နိုင်ရေး တိုက်တွန်းပြောကြားခဲ့သော်လည်း ယခုအချိန်အထိ လုံလောက်မှုမရှိ၍ ဆီထွက်သီးနှံများစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အလေးထားဆောင်ရွက်သွားရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်ရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
မိမိတို့အစိုးရ၏ ၅ နှစ်တာကာလအတွင်း ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂ ဘီလျံကျော်ခန့် ရှိသည်ကိုတွေ့ရကြောင်း၊ သို့သော် ယခုထက်ပိုမို၍ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို ထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက ကုန်သွယ်မှုပိုငွေများ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံစီးပွားရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိမိအနေဖြင့် ၂၀၂၂ ခုနှစ်မှစတင်၍ နိုင်ငံအတွင်း စားသုံးဆီများလုံလောက်စွာ ထုတ်လုပ်နိုင်ရေး တိုက်တွန်းပြောကြားခဲ့သော်လည်း ယခုအချိန်အထိ လုံလောက်မှု မရှိသေးကြောင်း၊ ထို့ကြောင့် စားသုံးဆီများကို ပြည်ပမှတင်သွင်းနေရပြီး နှစ်စဉ်နိုင်ငံခြားငွေများ ကုန်ကျလျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိမိတို့နိုင်ငံမှထွက်ရှိသည့် ဆီထွက်သီးနှံများကို တစ်ဧကအထွက်နှုန်း ပြည့်မီအောင် စိုက်ပျိုးနိုင်မည်၊ နေကြာစိုက်ပျိုးရေးကို တိုးချဲ့စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်တွင်းစားသုံးဆီများ ဖူလုံမှုရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံများစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် နိုင်ငံခြားငွေများရရှိနိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ များစွာတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်ပမှတင်သွင်းနေရသည့် ပြည်တွင်းထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်၍ ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားရေးမြှင့်တင်မှုအတွက် အားလုံးက အလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
