၁၃. ၉. ၂၀၂၅
Written by Nyein Kyaw
ပြည်သူလွှတ်တော် ပထမအကြိမ်အစည်းအဝေးကို ရွေးကောက်ပွဲ စတင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ရက်ပေါင်း ၉၀ အတွင်း ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။
“နောက်တစ်ခုက ရွေးကောက်ပွဲက ချိတ်နေတာရှိပါတယ်။ လွှတ်တော်ဥပဒေပုဒ်မ ကျွန်တော်တို့ ပြည်သူလွှတ်တော်ရွေးကောက်ပွဲပေါ့။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၃ မှာ ပြဋ္ဌာန်းထားတာရှိတယ်။ ရွေးကောက်ပွဲ စတင်ကျင်းပတဲ့၊ ပြည်သူ့လွှတ်တော် ပထမအကြိမ်အစည်းအဝေးကို ရွေးကောက်ပွဲ စတင်ကျင်းသည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်းမှာ ကျင်းပရမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲကျင်းပတယ်။ အဲဒီရဲ့ အပေါင်း ၉၀ အဲဒီမှာ ကျွန်တော်တို့ မကျော်ရဘူး။ ပြည်သူ့လွှတ်တော်အစည်းအဝေးက ကျင်းပရမှာဖြစ်ပါတယ်။ ဒါဆိုရင် ရွေးကောက်ပွဲကျင်းပရမယ်။ ကိုယ်စားလှယ်တွေရမယ်။ ဒီကိုယ်စားလှယ်တွေဟာ လွှတ်တော်တက်ဖို့အတွက် လိုအပ်တဲ့အုပ်ချုပ်မှုကိစ္စတွေ ဆောင်ရွက်ပြီး လွှတ်တော်တက်တဲ့ကြားကာလ သုံးလပဲရှိပါတယ်။ စတင်ကျင်းပတဲ့ အပိုင်းလိုက်လုပ်ရမှာနဲ့ ဒါခန့်မှန်းတွက်ချက်လို့ရပါတယ်။ ဒီဥပဒေပြဋ္ဌာန်းချက်အတိုင်းပဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ပြောကြားသည်။
၂၀၂၅ ရွေးကောက်ပွဲအား ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက် တစ်ခုနှင့်တစ်ခုကြား အနည်းဆုံးတစ်ပတ်နှင့် အများဆုံးနှစ်ပတ်ခြား၍ သုံးပိုင်းဝန်းကျင်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ပြီးစီးမည့်အချိန်သည်လည်း လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြီးစီးနိုင်ကြောင်း UEC က ခန့်မှန်းပြောကြားသည်။
“ရွေးကောက်ပွဲကို အကြမ်းဖျင်းအားဖြင့်ပေါ့လေ။ အတိအကျတော့မဟုတ်ပါဘူး။ အတိုးအလျှော့ရှိနိုင်ပါတယ်။ သုံးပိုင်းလောက်လုပ်မယ်။ တစ်ပိုင်းနဲ့တစ်ပိုင်းအား တစ်ပတ်၊ နှစ်ပတ်လောက်ခြားနိုင်တယ်။ အဲဒီအခါ ကျွန်တော်တို့ ပြောနိုင်တာကတော့ ဇန်နဝါရီလထဲမှာတော့ ရွေးကောက်ပွဲက ပြီးသွားမယ့်အနေအထားလို့ ရက်တွေထုတ်ပြန်ပြီးရင်တော့ အဲဒီလို သုံးသပ်လို့ရမှာဖြစ်ပါတယ်” ဟု UEC က ပြောကြားသည်။
ပုံစာ- ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်။
