◾️ ရွေးကောက်ခံကိုယ်စားလှယ်များ ဘေးကင်းလုံခြုံစွာဖြင့် မဲဆွယ်စည်းရုံးနိုင်ရေး လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများက အလေးပေးဆောင်ရွက်ပေးရန်ပါ မှာကြား
၁၂. ၉. ၂၀၂၅
Written by Nyein Kyaw
ရွေးကောက်ပွဲ အောင်မြင်စေရန် သက်ဆိုင်ရာဝန်ကြီးချုပ်များ ဦးဆောင်ဆောင်ရွက်ပေးရန်နှင့် အဖျက်အမှောင့် လုပ်ဆောင်လာသူများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်ရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရမည်ဖြစ်ပြီး လွှတ်တော်သည်လည်း သိက္ခာရှိသည့် လွှတ်တော်ဖြစ်ရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

ရွေးကောက်ခံကိုယ်စားလှယ်များ ဘေးကင်းလုံခြုံစွာဖြင့် မဲဆွယ်စည်းရုံးနိုင်ရေးအတွက်လည်း သက်ဆိုင်ရာ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများက အလေးပေးဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်မှုမရှိစေရေးအတွက် အဖျက်အမှောင့်လုပ်ဆောင်လာသူများကိုလည်း ထိရောက်စွာ အရေးယူမှုများဆောင်ရွက်သွားရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ရွေးကောက်ခံမည့် ကိုယ်စားလှယ်များအနေဖြင့်လည်း နိုင်ငံ၏အကျိုးကို အမှန်တကယ်ဆောင်ရွက်နိုင်သူ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သူ၊ တို့တာဝန်အရေးသုံးပါးကို အမှန်တကယ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်သူဖြစ်ရန်လိုကြောင်း ယာယီသမ္မတက ပြောကြားသည်။
ရွေးကောက်ပွဲ အောင်မြင်စေရန်နှင့် နိုင်ငံ့ကောင်းအောင် ဆောင်ရွက်မည့်သူများ ပေါ်ထွက်လာစေရေး သက်ဆိုင်ရာဝန်ကြီးချုပ်များက ဦးဆောင်ပြီး ဆောင်ရွက်ပေးသွားကြရန် မှာကြားလိုကြောင်းလည်း ယာယီသမ္မတက ပြောကြားသည်။
