၁၂.၉.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန်ဟုဆိုကာ နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၅၆ ဦးမှာ ယမန်နေ့ စက်တင်ဘာလ ၁၁ ရက် နံနက်က ပွဲစားအစီအစဉ်ဖြင့် လာခေါ်မည့် ကားကို ကြံခင်းအတွင်း ပုန်းခိုစောင့်ဆိုင်းနေစဉ် အဖမ်းခံခဲ့ရကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ လောင်ခဝမ်မြို့နယ်၊ နောင်ပလင်ကျေးရွာအနီးရှိ ကြံခင်းအတွင်း မြန်မာနိုင်ငံသားများရောက်ရှိနေကြောင်း သတင်းအရ ထိုင်းရဲတပ်ဖွဲ့ အပါအဝင် ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးစဉ် ကြံစိုက်ခင်းအတွင်း ပုန်းအောင်းနေသည့် တရားမဝင် မြန်မာနိုင်ငံသား ၅၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းတို့မှာ ထိုင်းနိုင်ငံ၌ အလုပ် လုပ်ရန် လာရောက်သူများ ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများထဲတွင် ကလေးငယ်များ အပါအဝင် အမျိုးသား၊ အမျိုးသမီးများပါဝင်ပြီး ယင်းအထဲတွင် အချို့မှာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခဲ့ဖူးသူများလည်း ပါဝင်သည့်အတွက် ထိုင်းဘာသာစကားဖြင့် ရဲတပ်ဖွဲ့၏ မေးမြန်းချက်ကို ပြန်လည် ပြောဆိုနိုင်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများအနေဖြင့် ခရီးအဝေးအနီး အပေါ် မူတည်၍ လူတစ်ဦးလျင် ပွဲစားခ ဘတ်ငွေ ၁၀,၀၀၀ မှ ၃၀,၀၀၀ ထိ ပေးဆောင်ခဲ့ရကာ အဖမ်းခံရသည့် မြန်မာနိုင်ငံသားများက ၎င်းတို့ကို ပွဲစားက လှည့်စားသည်ဟု သံသယ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားကြကြောင်း သိရသည်။
ပဏာမစုံစမ်းစစ်ဆေးမှုများ အရ ယင်းတို့တွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုသည့် စာရွက်စာတမ်းများ မပါကြောင်းနှင့် ရန်ကုန်မြို့ကတစ်ဆင့် မြန်မာနိုင်ငံ နယ်စပ်မှ ထိုင်းနိုင်ငံသို့ လာရောက်ကြသူများဖြစ်ပြီး အချို့မှာ ဘန်ကောက်တွင် အလုပ်လုပ်မည့်သူများ ဖြစ်ကာ အချို့မှာ ချောင်ဘူရီခရိုင်တွင် အလုပ်သွားလုပ်မည့်သူများဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ထိုင်းရဲတပ်ဖွဲ့က လောင်ခဝမ်ရဲစခန်း၌ လူသားချင်းစာနာထောက်ထားမှုဖြင့် “ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသားဖြစ်ခြင်း” ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
